

အန်ဖီးကွင်း တိုးချဲ့မှုကို တာဝန်ယူနေတဲ့ Buckingham Group ဟာ ၎င်းတို့ ကုမ္ပဏီတွင်း ပြဿနာတွေကြောင့် ကွင်းတည်ဆောက်မှုအား ရပ်နားသွားပြီ ဖြစ်ပါတယ်။
ဒီအပတ်မှာ နောက်ဆုံးသိထားရတဲ့ အခြေအနေအရ ကွင်းတည်ဆောက်မှုဟာ လုံးဝကို ရပ်တန့်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ဒီလိုဖြစ်ရပ်တွေကြောင့် ရပ်နားထားတဲ့ အဆောက်အဦးတွေဟာဆိုရင် နှစ်နဲ့ချီ ဆက်မလုပ်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိထားခဲ့ပါတယ်။
မူလ အစီအစဉ်အရ လီဗာပူးအသင်းဘက်က ပြီးခဲ့တဲ့ စနေနေ့ ဘုန်းမောက်ကို ရင်ဆိုင်တဲ့ပွဲမှာ Anfield Road အပေါ်ပိုင်း အပါအဝင် ကွင်းအပြည့် ဖွင့်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လို့ Buckingham Group ရဲ့ နှောင့်နှေးမှုကြောင့် အောက်တိုဘာလ ၂၁ ရက်နေ့ထိ နောက်ဆုတ်ထားခဲ့ပါတယ်။
ဘုန်းမောက်ပွဲမှာတော့ အန်ဖီးကွင်းဟာ သတ်မှတ်ထားတဲ့ ပရိသတ်ထက် ၁၁၀၀၀ လျော့နည်းပြီး ပရိသတ် ၄၉၆၉၉ ဦးပဲ ဝင်ခွင့်ပေးနိုင်ခဲ့ပါတယ်။ အခုလို ကွင်းတည်ဆောက်မှု ရပ်နားနေတာကြောင့် ဒုတိယပလန်ဖြစ်တဲ့ အောက်တိုဘာလမှာလည်း ကွင်းကြီးက အပြီးသတ်နိုင်မှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဘက်က Anfield Road Stand ကို လုံးဝ အပြီးသတ်ဖို့ အခြားသော ကန်ထရိုက်တာတွေဖြင့် လက်တွဲဖို့ကို ရွေးချယ်လာနိုင်တယ်။ ဒါပေမယ့်လို့ ကာလတို အခြေအနေမှာ ကွင်းတည်ဆောက်ရေးဟာ Buckingham အဖွဲ့ရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။
ဒီအပတ်ထဲမှာ ကလပ်နဲ့ Buckingham အဖွဲ့ကြား ဆွေးနွေးမှာဖြစ်ပြီး တည်ဆောက်မှု ဆက်လက် နှောင့်နှေးတာတွေ ဖြစ်လာနိုင်ဆဲပါ။ ကွင်းကို အပြီးမသတ်နိုင်ရင် အိမ်ကွင်း ပွဲစဉ် ၁ ပွဲတိုင်းမှာ ကလပ်ဟာ ပေါင် ၅ သိန်း ဆုံးရှုံးနေမှာ ဖြစ်ပါတယ်။
ဒီတစ်ရာသီလုံးဆိုရင် လီဗာပူးအသင်းဟာ အိမ်ကွင်း အပြီးမသတ်နိုင်မှုကြောင့် ပေါင် သန်း ၂၀ လောက် ဆုံးရှုံးနိုင်ပါတယ်။ Buckingham နဲ့ ပေါင် သန်း ၈၀ တန် လက်တွဲမှုကို ရုတ်သိမ်းပြီး အခြားသော ကန်ထရိုက်တာ တစ်ခုဖြင့် ပြောင်းလဲ ချိတ်ဆက်ရင် ငွေကြေး ကွင်းအတွက် ငွေကြေး ထပ်စိုက်ရတာ ရှိလာနိုင်တာ ဖြစ်ပါတယ်။