

လီဗာပူးအသင်းဟာ ဒီနွေမှာ ဒီယက်ဇ်ကို ရောင်းချသွားဖို့ စဉ်းစားဖွယ်ရှိနေပြီး သူ့အတွက် ကမ်းလှမ်းလာမှုတွေကို နားထောင်ပေးမယ်လို့ သတင်းထွက်နေပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးအသင်း ဘယ်တောင်ပံမှာ ပုံမှန် ပွဲထွက်ခွင့်ရနေသူဖြစ်ကာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်တောင်ပံတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနေပါတယ်။
၂၀၂၂ ဇန်နဝါရီမှာ ပေါ်တိုကနေ လီဗာပူးအသင်းကို ပေါင် ၃၇ သန်းဖြင့် ရောက်လာခဲ့တဲ့ ဒီယက်ဇ်ဟာ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူပါ။ စာချုပ်သက်တမ်း ၃ နှစ်ကျော် ကျန်နေသေးပေမယ့် လူးဝစ် ဒီယက်ဇ်ရဲ့ ကိုယ်စားလှယ်တွေ စာချုပ်သစ် တောင်းဆိုလာခဲ့တယ်။
ဒီယက်ဇ်တို့ရဲ့ ဒီနွေ နောက်ဆုံးထားပြီး လုပ်ခတိုးမြင့်မှု ပါဝင်တဲ့ စာချုပ်သစ် အပြီးသတ်ဖို့ တောင်းဆိုလာခြင်းကို လီဗာပူးဘက်က အံ့အားသင့်ခဲ့တယ်လို့ သိရပါတယ်။
ကိုလံဘီယာသားရဲ့ ခြေစွမ်းတွေကြောင့် ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ စိတ်ဝင်စားနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ရှိနေချိန် ကစားသမားဘက်က စာချုပ်သစ် သက်တမ်းတိုးဖို့ ပြောလာခြင်းကို လီဗာပူးဘက်က သဘောမကျပါဘူး။
လီဗာပူးအသင်းကတော့ နည်းပြသစ် ရောက်မလာခင် စာချုပ်ရေးရာ ကိစ္စတွေကို ရပ်တန့်ထားပြီး ထရန့်တို့ကိုလည်း သက်တမ်းတိုးဖွယ် မရှိသေးဘူးလို့ သိရတယ်။ ဒါကြောင့် ဒီယက်ဇ်တို့ဘက်က တောင်းဆိုမှုကိုလည်း လိုက်လျောဖွယ် မရှိပါဘူး။
နွေစျေးကွက်မှာ ဒီယက်ဇ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းထိ လီဗာပူးအသင်းဘက်က တောင်းဆိုသွားမှာ ဖြစ်ပါတယ်။