ယာဂင်ကလော့ပ် ထွက်ခွာခြင်းအတွက် သူ့ရဲ့ ခံစားချက် အမှန်ကို ဒါဝင် ထုတ်ပြောပါပြီ

နည်းပြကလော့ပ် လီဗာပူးအသင်းကနေ ထွက်ခွာသွားခြင်းကို နှမြောသလို ဆုဖလားကြီးတွေဖြင့် နှုတ်ဆက်နိုင်ခြင်း မရှိတာအတွက် စိတ်မကောင်းကြောင်း ဒါဝင်က ဖော်ထုတ်လာပါတယ်။

လီဗာပူးအသင်း လူမှုကွန်ယက်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ဒါဝင်ဟာ ကလော့ပ်ရဲ့ နှုတ်ဆက်မှု လုပ်နေချိန် လက်ခုပ်တီး ဂုဏ်ပြုပေးခြင်း မရှိတာကို အသင်းပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။

အချို့က ဒါဝင်ကို ဝေဖန်ကြသလို အချို့ကလည်း ဒါဝင်ဟာ နည်းပြကြီး ထွက်ခွာသွားမှုကို စိတ်မကောင်းတာကြောင့် ငြိမ်သက်ခြင်းနဲ့ပဲ နှုတ်ဆက်ပေးခဲ့တာလို့ ထောက်ပြတာတွေ ရှိပါတယ်။

ဥရုဂွေး မီဒီယာနဲ့ အင်တာဗျူးမှာ ဒါဝင်က ” ကလော့ပ်ရဲ့ ထွက်ခွာမှုကို ကျနော်တို့ အံ့အားသင့်မှုတွေ ရှိကြပါတယ်။ ဘယ်သူမှ ဒါမျိုးဖြစ်လာမယ် မထင်ခဲ့ကြဘူး။ ကလော့ပ် ထွက်သွားတာက နှမြောစရာကြီးပါဗျာ။

ကျနော်ကတော့ ဖြစ်နိုင်ရင် ကလော့ပ်ကို နှုတ်ဆက်မှု ကြီးကြီး လုပ်ချင်တာပါ၊ ကြီးကျယ်တဲ့ အရာတွေကို အောင်မြင်မှုနဲ့ပေါ့။ လက်တွေ့မှာ ဒါမျိုး ဖြစ်မလာခဲ့ပါဘူး။

ကစားသမားတွေအတွက်လည်း သူ ထွက်သွားတာက နှမျောစရာပါ။ သူ့အတွက် အကောင်းဆုံးတွေဖြစ်ပါစေ ကျနော် ဆုတောင်းပေးပါတယ် ” လို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

အခု နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးအရ ဒါဝင်ဟာ ကလော့ပ်ရဲ့ ထွက်ခွာမှုကို ရင်ထဲ မကောင်းဖြစ်နေခဲ့တာ သေချာလှပါတယ်။