NEWS: လီဗာပူးက ကွင်းလယ်အတွက် အီဒါဆန်ကို ကမ်းလှမ်းထားကြောင်း အသံထွက်

လီဗာပူးအသင်းဟာ ဒီနွေမှာ ကြီးကျယ်တဲ့ အပြောင်းအရွှေ့ ၁ ခု ပြုလုပ်မယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပြီးတဲ့နောက် သတင်းထူးအချို့ တက်လာနေပါပြီ။

နည်းပြအာနယ် ဆလော့ဟာ သူ့ရဲ့ လူစာရင်းကို အကဲဖြတ်မှုတွေ လုပ်နေပြီး လိုအပ်တဲ့ နေရာအချို့ကို ထောက်ပြသွားဖို့ ရှိနေပါတယ်။ ၎င်းကတော့ မာကာကို ကွင်းလယ်ခံစစ်မှာ မသုံးဘဲ ရှေ့ကို တက်ကစားစေဖို့ ရည်ရွယ်ထားတယ်လို့ သတင်းထွက်လာပါတယ်။

ဒါကြောင့်ပဲ လီဗာပူးအသင်းက ကွင်းလယ်ခံစစ်သမားသစ် ခေါ်ယူနိုင်ဖို့ အားထုတ်လိမ့်မယ်လို့ အင်္ဂလန်ပြည်တွင်း ပြင်ပ သတင်းသမားတွေက ဆိုလာကြတာပါ။

ဒီအနေအထားမှာ လီဗာပူးဘက်က အတ္တလန်တာအသင်းမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ အီဒါဆန်ကို ချိတ်ဆက်မှု စတင်နေပြီလို့ ဘရာဇီးသတင်းထောက်က ဖော်ပြလာတယ်။ ကွင်းလယ်လူအတွက် လီဗာပူး ကမ်းလှမ်းမှာက ယူရို ၄၅ သန်းလို့လည်း ဆိုပါတယ်။

အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကလည်း လီဗာပူးက ဘရာဇီးကွင်းလယ်လူ အီဒါဆန်ရဲ့ အေးဂျင့်တွေကို စတင် ချိတ်ဆက်နေကြောင်း ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဘက်က စျေးကွက်မှာ လှုပ်ရှားမှု ရှိနေကြောင်း ဖော်ပြချက်တစ်ခု အဖြစ် ရိုမန်နိုက ရှုမြင်ပေမယ့် အီဒါဆန်ကို အသေအချာ ခေါ်ယူမယ်တော့ အာမခံနိုင်ဘူးလို့ ပြောပါတယ်။

အတ္တလန်တာဘက်ကလည်း သူတို့ရဲ့ ကွင်းလယ်လူကို ဆက်ထိန်းဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အာနယ် ဆလော့ သုံးမယ့် ၄-၂-၃-၁ ကစားကွက်မှာ နံပါတ် ၆ သမားဟာ အရေးကြီး လိုအပ်တယ်လို့ မြင်နေပြီး လူသစ် ခေါ်ယူမှုအပေါ် မူတည်ကာ ထရန့်ရဲ့ နေရာဟာ အပြောင်းအလဲ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။