NEWS: ကွင်းလယ် နံပါတ် ၆ မလိုသေးဘူးကနေ ခံစစ်မှူး ခေါ်ယူရေးပါ ဦးစားပေး မဟုတ်ဘူး ဖြစ်လာ

ဒီအပတ်တွေအတွင်း မာဆေးဆိုဒ်သတင်းထောက်တွေရဲ့ ဖော်ပြချက်ဟာ လီဗာပူးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

အရင်အပတ်ကပဲ အသင်းဟာ ကွင်းလယ် နံပါတ် ၆ သမား ခေါ်ယူရေးကို ဦးစားပေးအဖြစ် မသတ်မှတ်ထားဘဲ ဗဟိုခံစစ်မှူးနဲ့ တောင်ပံမှာ ကစားနိုင်သူတွေကိုပဲ အဓိက ခေါ်ယူသွားမယ်လို့ မာဆေးဆိုဒ်သတင်းထောက် Ian Doyle က ဖော်ပြခဲ့တာပါ။

ဒီအပတ်မှာတော့ ၎င်းကပဲ ” မာတစ် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားပေမယ့် အခြားရွေးချယ်စရာ ကစားသမားတွေ အရွယ်စုံတောင် ရှိနေတယ်လို့ လီဗာပူးအသင်းက ယုံကြည်နေပါတယ် ” လို့ ထက်မံ ဖော်ပြလာပါတယ်။

ဒါကြောင့် ဗဟိုခံစစ်မှူးနေရာဟာလည်း လီဗာပူးအတွက် ဦးစားပေး ပစ်မှတ် မဟုတ်တော့ပါဘူးလို့ သတင်းပေးခဲ့တာပါ။

လက်ရှိ ခံစစ်မှာ ဗန်ဒိုက် (၃၃ နှစ်)၊ ဂိုးမက်ဇ် (၂၇ နှစ်)၊ ကိုနတေး (၂၅ နှစ်)၊ ကွမ်းဆက် (၂၁ နှစ်) တို့ ၄ ဦးပဲ ရှိနေတာပါ။ ဂိုးမက်ဇ်နဲ့ ကိုနတေးဟာ မကြာခဏ ဒဏ်ရာရတတ်တဲ့ မှတ်တမ်းလည်း ရှိထားကြပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ကြောင့် ပြိုင်ပွဲတွေ ပိုများလာမယ့် အနေအထားမှာ အသင်းဘက်က ခံစစ်အတွက် လူ အရေးတကြီး မလိုပါဘူးလို့ ဆိုတာက လက်ခံလို့ မရနိုင်တဲ့ အနေအထားအဖြစ် ပရိသတ်တွေဘက်က တုန့်ပြန်နေပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ နံပါတ် ၆ သမားစစ်စစ်ဆိုလို့ အန်ဒို တစ်ဦးပဲရှိပြီး ဘယ်ခြမ်း အားသန် ဗဟိုခံစစ်မှူးလည်း ရှားပါးနေပါတယ်။

ခံစစ်သမားတွေထဲမှာ လိုင်လီက ယိုရို၊ ပဲလေစ့်က ဂူဟီ၊ ဘိုလော့ညာက ကယ်လီဖီအိုရီနဲ့ ချယ်ဆီးမှ ကိုးဝဲလ်တို့ဟာလည်း လီဗာပူးနဲ့ သတင်းထွက်ထားပေမယ့် တစ်ဦးမှ ခေါ်ယူနိုင်မယ့် တိုးတက်တဲ့ အခြေအနေကို ရောက်မလာပါဘူး။

အခုချိန်ထိတော့ လီဗာပူးဘက်က စျေးကွက်ထဲမှာ နံပါတ် ၆ သမားကော ဗဟိုခံစစ်မှူးတွေနဲ့ပါ သတင်းထွက်မှု ရှိထားပြီး ဒီကစားသမားတွေ အားလုံးထဲမှာ ယိုရိုကလွဲလို့ ကျန်ပစ်မှတ်တွေကို အသင်းဘက်က လိုက်နေခြင်း မရှိဘူးလို့လည်း Ian Doyle တို့က ဆက်တိုက် ပယ်ချထားခဲ့ဖူးတာ ဖြစ်ပါတယ်။