ထရန့်ကို အင်္ဂလန်လူစာရင်းက ဖယ်ဖို့ တိုက်တွန်း၊ ယိုရိုအတွက် ပြိုင်ဘက်အသင်း ချိတ်ဆက်နေခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ဘက်တစ်၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အမေရိကန် ရာသီကြိုပြီးရင် ဩဂုတ်လ ၁၁ ရက်နေ့မှာ ဆီးဗီးလာအသင်းနဲ့ ချစ်ကြည်ရေးပွဲကို အန်ဖီးမှာ ယှဉ်ပြိုင်ပါမယ်။

နယ်သာလန်နဲ့ ပြင်သစ်တို့ရဲ့ ယူရိုပွဲမှာ ဗန်ဒိုက်နဲ့ ဂက်ပိုတို့ ပွဲထွက်ခဲ့ကာ ၀-၀ ရလဒ်နဲ့ ပွဲအပြီးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘီဘာအို တောင်ပံသမား နီကိုး ဝီလီယမ်အတွက် ဆွေးနွေးမှု လုပ်ခဲ့တယ်လို့ The Athletic က ဆိုပါတယ်။ စပိန်သားမှာ ပေါင် ၄၇ သန်းတန် စာချုပ်ပါကြေး ရှိထားပါတယ်။

လီဗာပူးဘက်က ခံစစ်မှူးဂိုးမက်ဇ်ကို ဆက်ထိန်းကာ ခံစစ်ပိုင်းနဲ့ homegrown နေရာကို ခိုင်မာအောင် လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

ကာရေဂါကတော့ ယူရိုမှာ ကွင်းလယ်ကနေ ဖိအားဝင်နေတဲ့ ထရန့်ကို ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ပြီး ကွင်းလယ်လူစစ်စစ်ကိုပဲ နေရာပေးလိုက်ဖို့ အကြံပေးလာပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်ကို ခေါ်ယူနိုင်တဲ့ ကလပ် ၄ သင်းလောက်ပဲ ရှိပြီး အဲ့ထဲမှာ လီဗာပူးလည်း ပါဝင်တယ်လို့ ဂျာမာန်သတင်းတွေက ဆိုပါတယ်။

လိုင်လီခံစစ်မှူး ယိုရိုကို ခေါ်ယူရေး ယူနိုက်တက်ဘက်က ချိတ်ဆက်မှု စတင်လိုက်ပါပြီ။ လီဗာပူးအသင်းက ယိုရိုကို စိတ်ဝင်စားပေမယ့် အခုချိန်ထိ ရှေ့ထွက်မလာပါဘူး။

ဥရုဂွေးအသင်း လေ့ကျင့်ရေးမှာ ဒါဝင်ကို ဆွာရက်စ်နဲ့ပဲ အမြဲတမ်း တွဲတွေ့နေရပြီး တိုက်စစ်မှူးကြီးထံက အတွေ့အကြုံတွေကို လီဗာပူးထံ ဒါဝင် ပြန်သယ်လာနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေပါတယ်။