

ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတီရဲ့ အေးဂျင့်က သူ့ကစားသမားဟာ ယူနိုက်တက်ကို မဟုတ်ဘဲ လီဗာပူးအသင်းကိုလည်း ပြောင်းသွားနိုင်ကြောင်း ပြောလာပါတယ်။
စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ ဒီတလောမှာ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ဟာ ဥရုဂွေး ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းနဲ့ စကားပြောနေကြောင်း သိထားရတာပါ။
စကားပြောဆိုမှု ကနဦးအဆင့်မှာပဲ ရှိသေးသလို အူဂါတီက မန်ချက်စတာ ကလပ်ကိုပဲ ရောက်သွားနိုင်တာမျိုး မဟုတ်ဘူးလို့ ယူဆရတယ်။
ကွင်းလယ်လူ အူဂါတီရဲ့ အေးဂျင့်ကတော့ အာနယ် ဆလော့အတွက် ကွင်းလယ်နေရာ အားဖြည့်ပေးဖို့ လီဗာပူးကလည်း ဝင်ရောက် ချိတ်ဆက်နိုင်တယ်လို့ ပြောလာပါတယ်။
” လီဗာပူးလား? အူဂါတီအတွက် စကားပြောမှုတွေက အများကြီးပါ၊ ကလပ် တစ်သင်းတည်း မဟုတ်ဘဲ အခြားကလပ်တွေလည်း အများကြီးပါပဲ။ စားပွဲပေါ်မှာ ဆွေးနွေးဖို့ လုပ်နေကြသူတွေ အများကြီးပါ။
အူဂါတီက ပီအက်စ်ဂျီမှာ ဆက်မနေဖို့က သေချာသလောက်ပါပဲ။ သူက ပြင်သစ်လိဂ်က ထွက်မှာပါ။ ဒီအခြေအနေကို ဖြေရှင်းနိုင်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ် ” ဆိုပြီး အေးဂျင့် Jorge Chijane က ပြောလာတာပါ။
အူဂါတီဟာ ဒါဝင် နူးညက်စ်နဲ့ တစ်နိုင်ငံတည်းသားဖြစ်သလို ကွင်းလယ်ခံစစ်နေရာ အဓိက ကစားသူပါ။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို လီဗာပူးအသင်းက စောင့်ကြည့်ခဲ့ဖူးပြီး သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၆၀ ဝန်းကျင် ရှိနိုင်တယ်လို့ သိထားရပါတယ်။