

ဒီရက်တွေအတွင်း လီဗာပူးချန်နယ်တစ်ခုဖြစ်တဲ့ Anfield Watch နဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒွိုင်ယော့ခ်တို့ တွေ့ဆုံမှုမှာ သရဲနီဟောင်းကတော့ အာနယ် ဆလော့ မအောင်မြင်နိုင်ဘူးလို့ ထုတ်ပြောသွားပါတယ်။
ကစားသမားဘဝ တစ်ခုလုံး ဗြိတိန်ဘောလုံးလောကမှာ ကျင်လည်ခဲ့တဲ့ ဒွိုင်ယော့ခ်က နယ်သာလန်နည်းပြတွေကို အထင်မကြီးဟန် ရှိပါတယ်။ ဒတ်ချ်နည်းပြတွေအပေါ် သူ့ရဲ့ အမြင်ကို Anfield Watch နဲ့ တွေ့ဆုံမှုမှာ သူဘယ်လို ဖွင့်ချသွားလဲ LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒွိုင်ယော့ခ်က ” ဒီနှစ်တွေအတွင်း နယ်သာလန် ဘောလုံးလောက အပြင်ဘက်မှာ ဒတ်ချ်နည်းပြကောင်း တစ်ဦးရှိတယ်လို့ ဘယ်သူက ယုံယုံကြည်ကြည် ပြောနိုင်လဲ?
ကျနော်ကတော့ အာနယ် ဆလော့ကလည်း လူတွေ အထင်ကြီးအောင် လုပ်ပြဖို့ တန်ဟက် ကျရှုံးသလို ကျရှုံးသွားဦးမယ်လို့ပဲ မြင်တယ်။
ဒတ်ချ်ဘောလုံးအတွေးအမြင်တွေ ဥရောပကို ရောက်လာခဲ့တာ ၂၅ နှစ်လောက် ရှိနေပြီ။ ဒီနှစ်တွေမှာ သူတို့ရဲ့ လက်ရွေးစင်အသင်းတောင် မအောင်မြင်တော့ပါဘူး။
ဗန်ဟားကလွဲလို့ ဒတ်ချ်နည်းပြ တစ်ယောက်တလေကိုတောင် ကျနော်တော့ အထင်မကြီးဘူး။ လီဗာပူး၊ ယူနိုက်တက်လို ကလပ်တွေကတော့ ဂျိုဟန်ခရိုက်ခ်ရဲ့ အတွေးအမြင်ကို အခြေခံထားတဲ့ ဒတ်ချ်နည်းပြတွေကို ခေါ်ယူခဲ့တာပေါ့။
အာနယ် ဆလော့က နယ်သာလန်လိဂ်မှာ မဆိုးလှပါဘူး။ ဒါပေမယ့် ဒတ်ချ်ထိပ်တန်း အသင်းက နည်းပြတွေက အင်္ဂလန်ထိပ်တန်းအဆင့်မှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။
အာနယ် ဆလော့ကလည်း ဗြိတိန်ဘောလုံးလောကမှာ သူကျင်လည်နိုင်ပါတယ်လို့ ဘာသက်သေမှ မပြထားပါဘူး ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်ဘက်ကတော့ လီဗာပူးမှာ အာနယ် ဆလော့ အောင်မြင်မယ်လို့ ယုံကြည်နေပြီး သံသယဝင်ခံနေရတဲ့ နယ်သာလန်ဘောလုံးလောကဟာ အာနယ်ရဲ့ အစွမ်းအစကြောင့် ပြန်တောက်ပလာမယ် ယုံကြည်ထောက်ခံနေကြပါတယ်။