NEWS: အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ နည်းပြချုပ် အာနယ်နဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ် ပြောဆိုချက်များ

ဒီကနေ့မှာ လီဗာပူးနည်းပြသစ် အာနယ်နဲ့ အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်တို့ မီဒီယာတွေ တွေ့ဆုံမှု စတင်လိုက်ပါတယ်။

လီဗာပူးပရိသတ်တွေ သိလိုနေတဲ့ လူသစ် ခေါ်ယူရေးနဲ့ ဆာလာတို့ကို စာချုပ်ပေးရေး ကိစ္စတွေကနေ စလိုက်ပါမယ်။ အပြောင်းအရွှေ့အတွက် လီဗာပူးက အသင်းရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အပြင်က အသံတွေကို မေ့ထားပြီး လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။

ရစ်ချက်ဟုချ်က ” အာနယ်နဲ့ အလုပ်အတူတွဲလုပ်ရတာ ကောင်းပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး အရင်အလုပ်တွေကို လက်စသတ်ခဲ့ပြီး လီဗာပူးမှာ နေ့စဉ် ဆွေးနွေးပြောဆိုမှုတွေ ရှိပါတယ်။ စျေးကွက်အတွက်လည်း ပြင်ဆင်နေပါတယ်။

ကျနော်တို့ လုပ်ကြည့်ရင်း ပိုသိလာမှာပါ။ အသင်းမှာက အရည်အချင်းကောင်းတွေ အများကြီး ရှိနေပြီဖြစ်ပေမယ့် တိုးတက်လာရမှာတွေ ရှိနေပါတယ်။ ကျနော်တို့ လူခေါ်နိုင်တဲ့ အခွင့်အရေးတွေ ရှိလာရင် ခေါ်သွားပါမယ်။

စာချုပ်ကိစ္စတွေက ကလပ်နဲ့ ကစားသမားတွေကြား သီးသန့် လုပ်ဆောင်ရမှာပါ။ နောက်ရာသီအတွက် ကစားသမားတွေ အပြည့်အဝ အင်အားစိုက်ထုတ် ကစားအောင် လုပ်မှာပါ။ ဒီကိစ္စတွေအတွက် ဆွေးနွေးသွားပါမယ် ” လို့ ပြောပါတယ်။

လီဗာပူးအသင်းရဲ့ လူသစ် ခေါ်ယူမှုဟာ ဇူလိုင်မှာ ရာသီကြို ပြင်ဆင်ရင်း အကဲဖြတ်မယ့် သဘောပါပဲ။ ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲအပြီး ရာသီသစ်အတွက် အသင်း သုံးနိုင်မယ့် လူစာရင်းကို စိစစ်ပြီးရင် ဩဂုတ်လလောက်မှာ စခေါ်မယ်လို့ ယူဆရပါတယ်။

ရစ်ချက်ဟုချ်က ” ဩဂုတ်လအစမှာ ကျနော်တို့ အသင်းသား အများစုနဲ့ ပိုအလုပ်လုပ်ချိန် ရလာပါမယ်။ အဲ့မှာ ရွေးချယ်စရာတွေကို ပိုလုပ်လာနိုင်ပါမယ်။ အခြေအနေတွေကို ဩဂုတ်လမှာ သိရပါမယ်၊ ကိစ္စ​တွေကို ခပ်မြန်မြန် လုပ်နိုင်အောင် စီစဉ်ရမှာပါ ” လို့ ဆက်ပြောပါတယ်။

အသင်းဟာ ဒီနွေမှာ များစွာသော လူသစ်တွေ ခေါ်ယူတာမျိုး လုပ်ဖွယ် မရှိပါဘူး။ နေရာအချို့ကို တိုးတက်လာအောင် အင်အားဖြည့်တာတော့ ရှိပါမယ်။ ကလော့ပ် ချန်ခဲ့တဲ့ လူစာရင်းကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ဖို့က နည်းပြသစ်အတွက် အဓိက စိန်ခေါ်မှုပါပဲ။

” လူသစ်တွေ အများကြီး ထပ်ခေါ်မှာ မဟုတ်ပါဘူး။ ကျနော်တို့မှာ လူစာရင်းကောင်း ရှိပါတယ်။ ဘောလုံးမှာက နေ့စဉ် လုပ်ငန်းတွေကို လုပ်ရတာက အရမ်းကို အရေးကြီးပါတယ်။ လက်ရှိ အသင်းတင်ကို အတော်ကောင်းပါတယ်။ မနှစ်က လူကောင်းတွေလည်း ခေါ်ထားသေးတယ်။ အသင်း တိုးတက်လာတာကို အားလုံးက မြင်လိုကြမှာပါ ” လို့ အာနယ်က ဆိုခဲ့ပါတယ်။

လက်ရှိ လူစာရင်းမှာ ခံစစ်မှူးနဲ့ ကွင်းလယ်ခံစစ် ၂ နေရာကလွဲရင် အင်အားတောင့်တင်းဆဲပါ။ ကစားသမားအချို့ကို ထွက်ခွင့်ပေးပြီး လူသစ်အနည်းငယ်ခေါ်တာတွေ လုပ်ရမှာဖြစ်သလို နည်းပြအဖွဲ့ရဲ့ ဦးစားပေးကတော့ ကောင်းမွန်တဲ့ စနစ်တစ်ခုကို ကစားနိုင်ရေး ဖြစ်လာပါလိမ့်မယ်။