NEWS: တိမ်မြုပ်နေတဲ့ ပြင်သစ် နာမည်ကြီးအသင်းကို ဝယ်ယူဖို့ FSG စကားပြောနေ

လီဗာပူးပိုင်ရှင်အဖွဲ့ဟာ multi-club ပုံစံ တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ ကလပ်အချို့ကို ဝယ်ယူရေး ချိတ်ဆက်မှုတွေ ပြုလုပ်ရာမှာ ဥရောပဘက်ကို လှည့်လာနေပါတယ်။

ကနဦး သတင်းတွေမှာ လီဗာပူးပိုင်ရှင်တွေဟာ တောင်အမေရိကဘက်က ကလပ်တစ်သင်းကို ဝယ်ယူမယ်လို့ အသံထွက်ထားတာပါ။ ဒါပေမယ့် FSG ရဲ့ ဦးတည်မှုဟာ အင်္ဂလန်အနားက ပြင်သစ်ဘက်ကို ရောက်လာနေပါတယ်။

ပြင်သစ်သတင်းဌာန France Bleu ရဲ့ ဖော်ပြချက်အရ FSG ဟာ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကို ဝယ်ယူဖို့ အတော်လေးကို စိတ်ဝင်စားလာပါတယ်။ လီဂူး-၂ အသင်း လက်ရှိ ပိုင်ရှင်တွေနဲ့ သီးသန့် ဆွေးနွေးမှုတွေပါ လုပ်ထားခဲ့ပါပြီ။

FSG နဲ့ ဘော်ဒိုးအသင်း တာဝန်ရှိသူတွေဟာ ပြင်သစ်ဘောလုံးလောကရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေအတွက် ကြားနားမှုတွေတောင် ပြုလုပ်ထားကာ သဘောတူညီမှုရဖို့ အလားအလာရှိတဲ့ အခြေအနေထိ ရောက်လာနေပါပြီ။

လီဂူးဝမ်း ၆ ကြိမ်ရဖူးတဲ့ ဘော်ဒိုးအသင်းဟာ ဒုတိယတန်းမှာ ၂ ရာသီ ရှိနေသလို ကာလရှည် အကြွေးရှိထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် တတိယတန်း ဆင်းရမယ့် အန္တရာယ် ရှိနေပါတယ်။

FSG က ဘော်ဒိုးရဲ့ ရှယ်ယာကို ဝယ်ယူခဲ့ရင် ကနဦး ရင်းနှီးမြုပ်နှံမှု ယူရို ၄၂ သန်းဖြင့် စတင်သွားဖွယ် ရှိနေပါတယ်။ ဂျွန်ဟင်နရီ၊ ဘော်ဒိုးအသင်းပိုင်ရှင်၊ ဥက္ကဋ္ဌတွေနဲ့တကွ FSG ရှေ့နေတွေပါ ပါဝင်ဆွေးနွေးမှုကိစ္စအား ဂျူလီယန်ဝတ်က စီစဉ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မိုက်ကယ်အတ်ဝပ်နဲ့ ဂျူလီယန်ဝတ်တို့ဟာ လီဗာပူးအသင်းနဲ့ ဘော်ဒိုးတို့ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်း စီမံရေးတွေအား ဦးဆောင်သွားကြဖွယ် ရှိပါတယ်။