

လီဗာပူးအသင်းရဲ့ ရာသီကြိုဟာ စတင်နေခဲ့ပြီဖြစ်ပြီး လာလီဂါကလပ် ရီးရဲလ်ဘက်တစ်နဲ့ ခြေစမ်းထားကာ ၁-၀ ရလဒ် ထွက်ပေါ်ထားပါတယ်။
အဆိုပါပွဲမှာ ဘယ်တောင်ပံသမားတွေ မပါနိုင်သေးခြင်းကြောင့် မနှစ်ကရာသီ လိုက်ဇစ်နဲ့ ဟူးစီးတီးတွေမှာ အငှားထွက်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်သမား ကာဗာရိုအား ဘယ်တောင်ပံသမားအဖြစ် ပွဲထုတ်ခဲ့ပါတယ်။
ကာဗာရိုက နည်းပြအာနယ် ဆလော့နဲ့ စကားပြောမှု လုပ်ထားခဲ့ကြောင်း ထုတ်ပြောလာတယ်။ သူကိုယ်တိုင်ကတော့ အကောင်းဆုံးနေရာကို နံပါတ် ၁၀ နေရာအဖြစ် မြင်ထားပေမယ့် နည်းပြဆလော့က ဘယ်တောင်ပံမှာ အသားကျအောင် ကစားကြည့်ဖို့ လမ်းညွှန်ခဲ့တယ် ပြောပါတယ်။
ကာဗာရိုဟာ ဟူးစီးတီးအသင်းမှာတော့ False 9 နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ခြေစွမ်းပြခဲ့ပြီး သူကိုယ်တိုင်က တောင်ပံထက် တိုက်စစ်အတွင်းပိုင်းမှာပဲ ဝင်ကစားလိုဟန်ရှိပါတယ်။
ဘက်တစ်ပွဲအပြီးမှာ ကာဗာရိုက “ နည်းပြနဲ့ စကားပြောခဲ့ပြီး သူက တောင်ပံမှာ အသားကျအောင် ကြိုးစားဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် ကျနော်က ကိုယ့်ဘာသာ နံပါတ် ၁၀ နေရာမှာ အကောင်းဆုံး ကစားနိုင်တာ သိပါတယ်။ အဲ့မှာဆို ပိုခြေစွမ်းပြနိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ထူးခြားမှုကတော့ နည်းပြအာနယ် ဆလော့ဟာ ဆိုဘိုစလိုင်ကို တောင်ပံနေရာမှာ သုံးကြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဘက်တစ်ပွဲမှာ False 9 ဆန်ဆန် ကစားခွင့်ရခဲ့တဲ့ ဆိုဘိုဟာ လီဗာပူးလေ့ကျင့်ရေးတွေမှာ တောင်ပံသမားတွေနဲ့ တွဲဘက် လေ့ကျင့်ရေး ဝင်နေရတယ်လို့ သိရပါတယ်။
လာမယ့်ပွဲတွေမှာ ဆိုဘိုကို တောင်ပံထုတ်ပြီး ကာဗာရိုကို အတွင်းထဲ ဝင်စေမလား စောင့်ကြည့်ရမှာဖြစ်ပေမယ့် ပေါ်တူဂီသားရဲ့ အနာဂတ်ဟာ လီဗာပူးဆက်ရှိနေမယ် အာမခံချက် မရှိဘူးလို့ အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ထုတ်ဖော်လာနေပြီ ဖြစ်ပါတယ်။