အပြောင်းအရွှေ့ကို အဓိက အာရုံစိုက်နေသူတွေအတွက် သတင်းသစ်ပေးတဲ့ နည်းပြအာနယ်

အမေရိကန်ရာသီကြို နောက်ဆုံးပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်အပြီးမှာ လီဗာပူးနည်းပြ အာနယ် ဆလော့က လူသစ် ခေါ်ယူရေး ကိစ္စအတွက် စကားပြောပေးလာပါတယ်။

လီဗာပူးအသင်းဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုအတွင်း လူသစ် မခေါ်သေးတဲ့ တစ်သင်းတည်းသော ကလပ်ဖြစ်ကာ ကစားသမား ရှင်းထုတ်မှုလည်း မယ်မယ်ရရ မလုပ်ထားတဲ့ အသင်းပါ။

နည်းပြသစ်နဲ့ ရာသီသစ်ကို ကျော်ဖြတ်ရမယ့် အချိန်မှာ အပြင်လူဘက်က လူသစ်တွေ ရောက်လာတာ မြင်လိုပြီး နည်းပြအဖွဲ့ဘက်ကတော့ လက်ရှိ ကစားသမားတွေနဲ့ အသားကျမှု ဖော်ဆောင်ရေးကို အဓိက လုပ်ငန်းစဉ်အဖြစ် မြင်နေပါတယ်။

အာနယ်က ‘ ခင်ဗျားတို့တွေ လူသစ်ခေါ်ယူရေး ကိစ္စတွေ အများကြီးအပေါ်မှာ အာရုံစိုက်နေကြတာကို ကျနော် သတိထားမိပါတယ်။ ကျနော်ကတော့ ဒီရာသီကြိုအပေါ် အာရုံစိုက်ထားပါတယ်။ ဘယ်လိုကစားတယ်၊ ဘယ်နေရာမှာ တိုးတက်လာဖို့ လိုတယ်၊ စတာတွေပေါ့။

ကျနော် ပြောခဲ့သလိုပါပဲ။ ကျနော်တို့ လက်မှတ်ထိုးခေါ်ချင်တဲ့ ကစားသမားတွေနဲ့ ပတ်သက်လာရင် သတ်မှတ်ချက် မြင့်မြင့်မားမားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေတာလေ။

ကျနော်တို့ လိုချင်တဲ့ အဆင့်အတန်းနဲ့ ကစားသမားတွေကို ရှာတွေ့ဖို့ မလွယ်ပါဘူး၊ ရှာတွေ့ပြီဆိုရင် သူ့ကို ခေါ်လို့ရမလား လိုက်မေးရပါတယ်။ ပြီးရင် သူတို့နဲ့ သဘောတူညီမှု ယူရပါတယ်။ ဒါကြောင့် အသင်းကို ကူညီပေးနိုင်မယ့် ကစားသမားကောင်း ရှာဖွေတာက အမြဲတမ်း မလွယ်ပါဘူး။

ဒါပေမယ့် ကျနော် ပြောနိုင်တာက ရစ်ချက်က အတော်လေး အားထုတ်ပေးနေပါတယ်။ ဘာဖြစ်လာမလဲ ကျနော်တို့ စောင့်ကြည့်ရအောင်ပါ။ အပြောင်းအရွှေ့ ကိစ္စ ကျနော်နဲ့ ဟုချ်တို့ ပုံမှန် စကားပြောပါတယ်။ သူက သူကြိုးစားရမယ့် အပိုင်းတွေကို အားထုတ်နေပြီး ကျနော်ကို စဉ်ဆက်မပြတ် အသိပေးပါတယ် ’ လို့ ပြောပြသွားတာ ဖြစ်ပါတယ်။