လီဗာပူး လူစာရင်းကို လျော့ချတော့မည်ဖြစ်ကြောင်း နည်းပြ အာနယ် သတင်းပေး

အမေရိကန်ရာသီကြိုအပြီး ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ စီနီယာကစားသမား အပြည့်အစုံဖြင့် စတင် လေ့ကျင့်ရေးဝင်မှာဖြစ်ပါတယ်။

အက်ဆာမှာ အယ်လီဆန်၊ ထရန့်၊ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ဂက်ပို၊ ဒါဝင်၊ ဒီယက်ဇ်တို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကာ အမေရိကန်ခရီးမှာ ပါဝင်ခဲ့တဲ့ အသင်းသား ၂၈ ဦးထဲက လူငယ်တွေကို သက်ဆိုင်ရာ အဖွဲ့တွေထံ ပြန်ပို့တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရော်ဘတ်ဆန် ဒဏ်ရာရနေပြီး ဆိုဘိုစလိုင်ရဲ့ ကြံ့ခိုင်မှုကို ထိန်းမတ်ပေးနေတာကလွဲလို့ လီဗာပူးအသင်းမှာ အသင်းသားအားလုံး ကြံ့ခိုင်နေပါတယ်။

နည်းပြအာနယ်က “ အခြားအသင်းတွေက ကျနော်တို့ထက် ကစားသမား ပိုများပါတယ်။ ဒါကလည်း ဘယ်လို ကစားသမားတွေကို ထည့်ရေတွက်သလဲအပေါ် မူတည်ပါတယ်။

ရာသီကြိုမှာ ပါခဲ့တဲ့ လူငယ်တိုင်းကို ထည့်တွက်ရင်တော့ အများကြီးပဲပေါ့။ ဒါပေမယ့် အချို့ကို ယူ-၂၁၊ အချို့ကို ယူ-၁၈ အသင်းတွေထံ ပြန်ပို့မှာမို့ ကစားသမား အများကြီး ကျန်မှာ မဟုတ်ပါဘူး။ ” လို့ ပြောပါတယ်။

အသင်းဟာ လုခ်ချမ်ဘာကို ဝီဂန်ထံ အငှားချမှာဖြစ်ကာ ဂေါ်ဒန်၊ ကူးမက်စ်၊ နယ်လိုတို့ကို သက်ဆိုင်ရာ လူငယ်အသင်းထံ ပြန်ပို့ဖွယ် ရှိပါတယ်။ ကာဗာရို၊ ဗန်ဒန်ဘတ်၊ နက်ဖီးလစ်၊ မော်တန်နဲ့ ဗန်ဒုတ်တို့ကတော့ စီနီယာအသင်းနဲ့ ဆက်ရှိနေဖွယ် ရှိပါတယ်။