

လီဗာပူးအသင်းဟာ အာနယ် ဆလော့ရဲ့ အသင်းအတွက် နံပါတ် ၆ နေရာ အားဖြည့်ပေးဖို့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူရေး ကြိုးစားနေပါပြီ။
အသက် ၂၅ နှစ်အရွယ် စပိန်လက်ရွေးစင်ဟာ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်မှာ ကစားနေပြီး စာချုပ်ပါပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ရှိထားတာပါ။
The Athletic သတင်းထောက် David Ornstein ကတော့ ဆိုစီဒက်ဘက်က အဆိုပါ ပြောင်းရွှေ့ကြေးထက် ပိုနည်းတဲ့ ပမာဏမျိုး လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လီဗာပူးဘက်က ကွင်းလယ်လူကို ပရီးမီးယားလိဂ်ထံ ပြောင်းလာဖို့ စည်းရုံးရမှာဖြစ်ကာ ပြီးခဲ့တဲ့ အပတ်တွေအတွင်း အာဆင်နယ်နဲ့ ဘာစီလိုနာတို့ကလည်း ကစားသမားကို ချဉ်းကပ်ခဲ့ကြဖူးပါတယ်။
ရီးရဲလ်ဆိုစီဒက်ဟာ ဒီနွေမှာ အဓိက ကစားသမားတစ်ဦး ဖြစ်တဲ့ နော်မန်ကို အက်သလက်တီကို မက်ဒရစ်ထံ လက်လွတ်ထားရပြီး မာရီနိုကိုလည်း အာဆင်နယ်ထံ ရောင်းချရနိုင်ချေရှိလို့ လီဗာပူးဘက်က လာလီဂါကလပ်နဲ့ အတော်လေး စကားပြောရနိုင်ပါတယ်။
စပိန်အသင်း ယူရိုဖလား အနိုင်ရမှုမှာ အဓိကကျခဲ့တဲ့ ဇူဘီမန်ဒီဟာ ရိုဒရီနည်းတူ နံပါတ် ၆ နေရာကစားသူဖြစ်ပါတယ်။ လီဗာပူးအသင်း ကွင်းလယ်ခံစစ်မှာတော့ အန်ဒို တစ်ဦးတည်းရှိထားပြီး မနှစ်ကရာသီမှာ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ ဒီနွေမှာ သီယေဂိုတို့ ထွက်ခွာသွားတာပါ။
နံပါတ် ၆ နေရာအတွက် အန်ဒိုအပြင် ဂရာဗင်ဘက်ချ်ကိုလည်း သုံးလို့ရနိုင်ကြောင်း နည်းပြအာနယ် ဆလော့က ရှာဖွေထားပေမယ့် ကွင်းလယ်ခံစစ်နေရာ အထူးပြု ကစားသူ တစ်ဦး ခေါ်ယူပေးဖို့ကိုပါ ကလပ်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။