ကူးမက်စ် စတုတ်စီးတီးထံ အငှားထွက်ခြင်းနဲ့ နောက်ဆုံးရ လီဗာပူး အပြောင်းအရွှေ့ သတင်းများ

အငှားထွက်တဲ့ ဆယ်ကျော်သက် ကြယ်ပွင့်

လီဗာပူးကြယ်ပွင့် တိုက်စစ်သမားလေး ကူးမက်စ်ဟာ အသင်းနဲ့ ကာလရှည် သက်တမ်းတိုးကာ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးထံ အငှားထွက်ခွာသွားပါပြီ။

မနှစ်ကရာသီ ချယ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲမှာ ပါဝင်ကစားခဲ့သေးတဲ့ ၁၈ နှစ်သား တိုက်စစ်သမားဟာ ချန်ပီယံရှစ်မှာ စီနီယာပွဲကစားခွင့် အတွေ့အကြုံကောင်းတွေ ရရှိမယ်လို့ လီဗာပူးဘက်က မျှော်လင့်နေပါတယ်။

ကူးမက်စ်ဟာ မနှစ်ကရာသီမှာပဲ လီဗာပူးက ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။

ခံစစ်မှူး ၁ ဦး လက်လွတ်ရမည်

အက်စတွန်ဗီလာဟာ အသင်းပြောင်းဖွယ်ရှိတဲ့ ခံစစ်သမား ဒီယေဂို ကားလိုစ့်နေရာ အစားထိုးဖို့ လီဗာပူးခံစစ်မှူး ဂိုးမက်စ်နဲ့ ဖီယင်နု ခံစစ်မှူး တိုဇင်တို့ နှစ်ဦးကို ပစ်မှတ်ထားနေတာပါ။

ဖီယင်နုဘက်ကလည်း တိုဇင်ကို အက်စတွန်ဗီလာထံ လက်လွတ်ရမယ်ဆိုရင် လီဗာပူး ခံစစ်မှူး ဗန်ဒန်ဘတ်ကို ခေါ်ယူဖို့ ချိန်ရွယ်ထားပါတယ်။ ဒါကြောင့် ဂိုးမက်စ်နဲ့ ဗန်ဒန်ဘတ်တို့ နှစ်ဦးထဲက တစ်ဦးကတော့ ထွက်ခွာသွားဖွယ် ရှိပါတယ်။

ဆိုလန်ကီအတွက် အကျိုးခံစားခွင့်

ဘုန်းမောက်အသင်းဟာ ဆိုလန်ကီကို စပါးအသင်းထံ ကလပ်စံချိန်တင်ကြေး ပေါင် ၆၅ သန်းဖြင့် ရောင်းချဖို့ သဘောတူလိုက်ပါပြီ။

လီဗာပူးအသင်းဟာ ၂၀၁၉ မှာ ဆိုလန်ကီကို ဘုန်းမောက်အသင်းထံ ရောင်းချခဲ့စဉ် အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ အကျိုးအမြတ်ထဲက ၂၀% ခံစားခွင့် ထည့်သွင်းခဲ့တာမို့ ဒီအပြောင်းအရွှေ့ကနေ ပေါင် ၉ သန်း ဝန်းကျင် ရရှိမှာဖြစ်ပါတယ်။

ဇူဘီမန်ဒီ အခြေအနေ

လာလီဂါကလပ် ဗလန်စီယာအသင်းဟာ ဆိုစီဒက်က ဇူဘီမန်ဒီကို လက်လွတ်ရရင် သူတို့ ကွင်းလယ်လူ ပီပီလူကို ချိတ်ဆက် ခေါ်ယူမှာကို စိုးရိမ်နေတယ်လို့ လာလီဂါသတင်းတွေက ဖော်ပြပါတယ်။

ဆိုစီဒက်ဘက်ကလည်း မော်ရီနိုကို လက်လွတ်ရမှာဖြစ်သလို ဇူဘီမန်ဒီ အနာဂတ် မသေချာတာကြောင့် ကွင်းလယ်လူသစ် ရှာဖွေနေဟန် ရှိပါတယ်။

ဂိုးသမားသစ်

လီဗာပူးနဲ့ ဗလန်စီယာကြား ဂျော်ဂျီယာဂိုးသမား မာမာဒါရှီဗီလီ အပြောင်းအရွှေ့ ကိစ္စ ရှေ့ဆက်လာဖို့ ရှိနေကာ အသက် ၂၃ နှစ်အရွယ် ဂိုးသမားကို ခေါ်နိုင်ဖို့ ယူရို သန်း ၃၀ ဝန်းကျင် ပေးရမှာ ဖြစ်ပါတယ်။