သောကြာနေ့ လေ့ကျင့်ရေးမှာ မပါတော့ဘဲ ဗန်ဒုတ် အငှားထွက်ဖို့ နီးစပ်ခြင်းနဲ့ အငှားထွက်ဖွယ် ရှိသူများ

တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ ဆီးမီးလာ၊ လာပါမက်စ်တို့နဲ့ ဆက်တိုက် ခြေစမ်းမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ လူငယ်တွေကို အငှားချမှုတွေ ဆက်တိုက် လုပ်လာဖို့ ရှိနေပါတယ်။

အင်္ဂလန်လိဂ်မှာ နောက်အပတ်ဆို ပရီးမီးယားလိဂ် ပြန်စတော့မှာဖြစ်ပြီး ချန်ပီယံရှစ်ပွဲတွေကတော့ ဒီကနေ့မှာတင် ပြန်စနေပါပြီ။

အသက် ၁၈ နှစ်အရွယ် တောင်ပံသမား ဗန်ဒုတ်ဟာ သောကြာနေ့မှာပဲ အသင်းရဲ့ လေ့ကျင့်ရေးတွေကနေ ဘေးထွက်နေပြီဖြစ်ကာ ပရီးမီးယားလိဂ် တန်းတက်ကလပ် တစ်သင်းထံ အငှားထွက်ဖို့ နီးနေပါပြီ။ လက်စတာ ဒါမှမဟုတ် ဆောက်သမ်တန်ဖြစ်ဖွယ် ရှိပါတယ်။

ကိတ်ဂေါ်ဒန်ကိုလည်း အငှားချဖို့ စီစဉ်နေသလို ချန်ပီယံရှစ်ကလပ် အများအပြားက အလိုရှိနေတဲ့ မက်ကော်နယ်အတွက် သင့်တော်မယ့် အသင်းကို လီဗာပူးဘက်က ရှာပေးနေပါတယ်။

အသက် ၂၂ နှစ်အရွယ် အိုဝင်ဘက်ကတော့ အပြီးသတ် ထွက်မှာဖြစ်ကာ စကော့တလန်လိဂ်ကို ရောက်နိုင်ပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူ စတီဖန်ဆန်ကလည်း လိဂ်ဝမ်း ဒါမှမဟုတ် ချန်ပီယံရှစ်ထံ အငှားထွက်ဖွယ် ရှိပါတယ်။

ကွင်းလယ်လူ နိုင်ယွန်နီနဲ့ ခံစစ်မှူး နယ်လိုတို့ကိုတော့ ယူ-၂၁ အသင်းမှာ ဆက်ထားမှာဖြစ်ကာ ရံဖန်ရံခါ စီနီယာအသင်းနဲ့ ခေါ်ယူ လေ့ကျင့်မှာပါ။

ဂျေဒန်ဒန့်စ် အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး ဘော်ဘီကလက်ရဲ့ အနာဂတ်က မသေချာသေးပါဘူး။ သူတို့နှစ်ဦးလုံး ဒဏ်ရာ ပြဿနာတွေ ရှိထားကြတာပါ။

ဩဂုတ်လ ၃၀ ရက်နေ့ မတိုင်ခင် အသင်းပြောင်းနိုင်ချေရှိဆဲ ကာဗာရို၊ မော်တန်၊ နက်ဖီးလစ်၊ ဗန်ဒန်ဘတ်တို့ကတော့ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့ကြပါတယ်။