ဆောင်းပါး| လူသစ် မခေါ်နိုင်ပေမယ့် ပြတ်သားတဲ့ ရစ်ချက်ဟုချ်က ဇီးရိုးသမားလား ဟီးရိုးလိုလူလား

စီနီယာအဆင့်မှာ လီဗာပူးရဲ့ အပြောင်းအရွှေ့တွေ တိတ်ဆိတ်နေတာက စိတ်ပျက်ဖို့ ကောင်းပေမယ့် အင်္ဂလန်ရဲ့ အကောင်းဆုံး လူငယ်တွေကို အသင်းထံ ခေါ်ယူရေး လှုပ်ရှားမှုတွေကတော့ ပိုမို အားကောင်းလာနေပါတယ်။

The Athletic က ဖော်ပြချက်အရ လီဗာပူးအသင်းဟာ လက်ရှိ နွေစျေးကွက်မှာ ဝုဗ်အသင်းမှ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ Alvin Ayman ကို ပေါင် ၁.၆ သန်းဖြင့် ခေါ်ယူထားသလို ချယ်ဆီးရဲ့ အကောင်းဆုံး အကယ်ဒမီ အသင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ Rio Ngumoha ကိုလည်း ခေါ်ယူလိုက်ပါပြီ။

မနှစ်နွေတုန်းက လက်စတာနဲ့ ဝက်စ်ဟမ်းတို့ကနေ နိုင်ယွန်နီ၊ နယ်လို၊ ဟာဗေးအိုဝင်တို့ကို ခေါ်ယူခဲ့ကာ သူတို့ထဲက နိုင်ယွန်နီနဲ့ နယ်လိုက ဆလော့ လက်ထက် ရာသီကြိုမှာ အခွင့်အရေးတွေ ရခဲ့ပါတယ်။ နိုင်ယွန်နီဟာဆိုရင် ရာသီကြိုမှာ အတော်လေး တောက်ပခဲ့ကာ ကိုယ်တိုင်ပါ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူတို့ အသုတ်မတိုင်ခင် လီဗာပူးအသင်းဟာ ဟာဗေး၊ ဘာ့ဂျ်ဆဲတစ်၊ ဘော်ဘီကလက်၊ မက်ကော်နယ်၊ ဗန်ဒုတ်တို့ကို အကယ်ဒမီအတွက် ခေါ်ယူခဲ့ပါတယ်။ သူတို့ထဲက ဟာဗေး တစ်ဦးပဲ ချွန်ထွက်လာကာ ကျန်ကြယ်ပွင့်တွေကို ပြန်ရောင်းထုတ်ဖို့ ကြိုးစားမယ်လို့ သတင်းထွက်နေပါတယ်။

ဒီအနေအထားကို ကြည့်မယ်ဆိုရင် အသင်းဟာ စီနီယာအဆင့်မှာ ခေါ်သုံးဖို့ထိ ရည်ရွယ်ပြီး အကယ်ဒမီမှာ ပျိုးထောင်ဖို့ ခေါ်ယူနေတာဖြစ်ပါတယ်။ အသင်းကြီးထံ ရောက်ဖို့ အလားအလာမရှိရင် ရောင်းချလိုက်ခြင်းနဲ့ နောက်ထပ် ကြယ်ပွင့်တွေကို ထပ်မံ စုဆောင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။

နည်းပြဆလော့ လက်ထက်မှာ လူငယ်တွေအတွက် ပွဲကစားခွင့်တွေ စီမံပေးလာနိုင်မယ်လို့ အကယ်ဒမီက ကစားသမားလေးတွေ ကိုယ်တိုင်နဲ့ အသင်းဘက်က မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ် ရှာဖွေနိုင်စွမ်း၊ ပျိုးထောင်နိုင်စွမ်း၊ ရောင်းချနိုင်စွမ်း ကျဆင်းနေတာ အချိန်ကြာခဲ့ပါပြီ။ ပြည်တွင်းပြိုင်ဘက် မန်စီးတီး၊ ချယ်ဆီးတို့နဲ့ ယှဉ်ရင် နောက်မှာ ရောက်နေပြီး အကယ်ဒမီ ထုတ်ကုန်တွေဖြစ်တဲ့ နက်ဖီးလစ်နဲ့ ရွိုင်းဝီလီယမ်ကိုဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်ထဲက ရောင်းချလာခဲ့တာ ဒီနွေထိ မအောင်မြင်သေးပါဘူး။

ကျဆင်းနေတဲ့ အသင်းရဲ့ လူငယ်ရေးရာ တိုးတက်မှုတွေကို စီမံဖို့အတွက် အပြောင်းအလဲအဖြစ်တော့ ဆဲလ်ဘတ်ကို ထွက်သွားတဲ့ ဗစ်တာ မာတိုစ့်အစား မန်စီးတီးနည်းပြဟောင်း Aaron Briggs ကို အသင်းဘက်က ခေါ်ယူထားပါသေးတယ်။

ဒီနှစ်အစောပိုင်းလတွေမှာ မိုက်ကယ်အတ်ဝပ်နဲ့ ဂျူလီယန်ဝတ်တို့ နှစ်ဦးဟာ FSG ရဲ့ ဘောလုံးဆိုင်ရာ အကြီးအကဲတွေအဖြစ် တာဝန်ပေးခြင်း ခံရသလို ဘင်ဖီကာမှ ပက်ဒရို မာကွက်စ်ကလည်း သူတို့နဲ့ ပူးပေါင်း အလုပ်လုပ်ဆောင်မှာပါ။

သူတို့ ၃ ဦးလုံးဟာ လီဗာပူးအသင်းမှာ တိုက်ရိုက် တာဝန်ယူမှာ မဟုတ်ဘဲ ဘုန်းမောက်ကနေ ရောက်လာတဲ့ ရစ်ချက်ဟုချ်ကသာ နည်းပြ အာနယ် ဆလော့ကို အဓိက ပံ့ပိုးပေးမှာဖြစ်ပါတယ်။ လူငယ်တွေကို စီနီယာအသင်းမှာ နေရာပေးဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဆလော့က လုပ်ပေးရမယ်လို့ သိရပါတယ်။

ရစ်ချက်ဟုချ်က ရာသီကြိုမှာ ၁၇ နှစ်သား နိုင်ယွန်နီထံက တောက်ပတဲ့ အလားအလာ မြင်ရတဲ့နောက် ဘော်ဘီကလက်ကို ရောင်းချဖို့ ခပ်မြန်မြန် ကြိုးစားလာတယ်။ ကလက်ဟာ ဟာဗေး၊ ဂျုံး၊ ဆိုဘိုစလိုင်၊ မာကာ၊ ဂရာဗင်ဘက်ချ်၊ မာကာတို့ကို ကျော်ပြီး ပွဲထွက်ခွင့် ဘယ်လိုမှ မရနိုင်သူပါ။

ဘယ်တောင်ပံမှာ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပိုတို့အပြင် ဂျိုတာပါ ရှိနေသလို ကွင်းလယ်တိုက်စစ်မှာ ဟာဗေး၊ မာကာ၊ ဆိုဘိုစလိုင်၊ ကာတစ်ဂျုံးတို့ပါ ရှိနေတဲ့နောက် နေရာမပေးနိုင်မယ့် ကာဗာရိုကို ဘရန့်ဖိုဒ့်ထံ ပေါင် ၂၇.၅ သန်းဖြင့် ရောင်းထုတ်ဖို့ တွန့်ဆုတ်မနေပါဘူး။

ဗန်ဒိုက်၊ ကွမ်းဆက်၊ ကိုနတေး၊ ဂိုးမက်စ်တို့ကို ကျော်ပြီး နေရာပေးနိုင်ဖွယ် မရှိတဲ့ ဗန်ဒန်ဘတ်ကိုလည်း ပေါင် ၂၅ သန်းဖြင့် ရောင်းထုတ်နိုင်ဖို့ နီးစပ်နေပါပြီ။

မျိုးဆက်သစ်တွေအတွက် ပိတ်မိမနေရေး နေရာမပေးနိုင်သူတွေကို အသင်းဘက်က ရှင်းထုတ်လာနေတာက သဘောကျစရာဖြစ်ပါတယ်။ အသင်းကြီးတစ်သင်းဟာ သာမာန်လောက်ရှိတဲ့ ကစားသမားတွေကို အခုလို သံဃောဇဉ်ဖြတ်ပြီး ရဲရဲတင်းတင်း ဖယ်ထုတ်ဖို့ လိုအပ်ပါတယ်။

လက်ရှိအချိန်ထိတော့ ရစ်ချက်ဟုချ်ဟာ လီဗာပူးပရိသတ်တွေကြားမှာ ဒွိဟတွေရနေပါတယ်။ တချို့က သူဟာ အရည်အချင်းမရှိဘူးလို့ ယူဆပြီး တချို့ကတော့ ကစားသမား ရောင်းချမှုတွေ ပြတ်သားမှုရှိတယ် ချီးကျူးကြပါတယ်။ လီဗာပူးမှာ သူ အောင်မြင်မလား ကျရှုံးမလားကတော့ အချိန်က စကားပြောမှာဖြစ်ပါတယ်။