

ဒီအပတ်မှာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တော့မှာဖြစ်ကာ လီဗာပူးက ပရီးမီးယားလိဂ်တန်းတက် အစ်ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။
လိဂ်ဝမ်းကနေ ချန်ပီယံရှစ်နဲ့ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ၂ ရာသီဆက် တန်းတက်လာတဲ့ အစ်ဝစ်ချ်ကို လီဗာပူး အနိုင်ရမှာဖြစ်ပေမယ့် ကစားသမား ၂ ဦးနေရာ အင်အားမဖြည့်ထားရင် ဖလားစိန်ခေါ်မှု ဝေးနိုင်တယ်လို့ ပေါမာဆန်က အခုလို သုံးသပ်လာပါတယ်။
” အသင်းကြီးတွေဟာ ပရီးမီးယားလိဂ် ရာသီအစကို တန်းတက်အသင်းတွေနဲ့ မကန်လိုကြပါဘူး။ အစ်ဝစ်ချ်အသင်းက ဒီပွဲအတွက် အားပေးမှုကောင်းတွေရမှာဖြစ်ပါတယ်။
လီဗာပူးကို ကြည့်ရတာ အရင် ၆ နှစ်လောက်က စပါးအသင်းကို သွားသတိရမိတယ်။ သူတို့မှာ သိပ်ကောင်းတဲ့ ပွဲထွက် ကစားသမား ၁၁ ဦး ရှိထားပေမယ့် ခံစစ်သမားနဲ့ တောင်ပံသမားကောင်းတွေကို ပေါင် သန်း ၅၀ လောက် သုံးပြီး ခေါ်ယူခြင်း မရှိပါဘူး။
လီဗာပူးက ဆာလာ၊ ဗန်ဒိုက်တို့နဲ့ အပတ်တိုင်း မကစားနိုင်ပါဘူး။ မနှစ်ကရာသီ ပရီးမီးယားလိဂ် မအောင်မြင်ခဲ့တဲ့ တူညီတဲ့ ကစားသမားတွေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် မအောင်မြင်နိုင်ပါဘူး။ သူတို့ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ လိုအပ်ပါတယ်။
လီဗာပူးက အာဆင်နယ်လိုပါပဲ ကစားသမားအားလုံး ကြံ့ခိုင်နေရင် သူတို့က ဆုဖလား စိန်ခေါ်နိုင်သူတွေပါ။ ကစားသမား ၂ ယောက် ၃ ယောက်လောက် ဒဏ်ရာရမယ်ဆိုရင်တော့ သူတို့ ထိပ်ဆုံး ၄ သင်းနေရာအတွက်ပဲ စိန်ခေါ်နိုင်ပါလိမ့်မယ်။
ဒီအပတ်ပွဲမှာ စလော့က ဂျိုတာကို ရွေးမယ်ထင်ပါတယ်။ သူက တိုက်စစ်ပိုင်း ချိတ်ကစားတာတွေ ကောင်းမွန်တယ်။ ဆာလာက ဘောလုံးမရှိဘဲ အကောင်းဆုံး ပြေးလွှားနိုင်သူပါ။ လီဗာပူးအသင်းက ဧရိယာထဲ ဘောလုံးတွေ ပို့နိုင်ဖို့ လိုပါလိမ့်မယ်။
အစ်ဝစ်ချ်အတွက် ခက်ခဲတဲ့ ရာသီစဆိုပေမယ့် လီဗာပူးအတွက်လည်း ခက်ခဲပါလိမ့်မယ်။ ကျနော်ကတော့ လီဗာပူးအသင်း နိုင်မယ် မျှော်လင့်ထားတယ်။ အစ်ဝစ်ချ်က ဂိုးတော့ ပြန်ရပါလိမ့်မယ်။ ” လို့ ပေါမာဆန်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။
စနေနေ့ပွဲမှာတော့ အစ်ဝစ်ချ် ၁-၃ လီဗာပူး ရလဒ် ထွက်လိမ့်မယ်လို့ ပေါမာဆန်က ခန့်မှန်းခဲ့သေးတာ ဖြစ်ပါတယ်။