မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ရာသီသစ်မှာ ဖလားအကြောင်းထက် ထိပ်ဆုံး ၄ သင်း ဝင်ဖို့ကို အရင်ဆုံး အာရုံစိုက်မယ်လို့ ဆိုပါတယ်။
မန်စီးတီးရဲ့ တောင့်တင်းတဲ့ပြိုင်ဘက်ဟာ လီဗာပူးနဲ့ အာဆင်နယ်တို့ ဖြစ်လာဦးမှာ သံသယမရှိတဲ့ စပိန်သားကြီးက ယူနိုက်တက်၊ စပါး၊ ချယ်ဆီးကလည်း ကစားသမားကောင်းတွေရထားကြောင်းနဲ့ နယူးကာဆယ်ဆို ဥရောပပွဲ ကစားရဖို့ မရှိကြောင်း အသိပေးလာပါတယ်။
“ ဘောလုံးရာသီအစမှာ ပထမဆုံးသော ဦးတည်ချက်က ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ပါ။ ကျနော်ဒီလို ပြောရင် လူတွေက သဘောမကျဘူး၊ ကျနော်ကတော့ ဖလားစိန်ခေါ်ဖို့ ပြောနေဦးမှာ မဟုတ်ဘူး။
နယူးကာဆယ်က ဥရောပပွဲ ကစားဖို့ မရှိဘူး။ အရင် ၂ နှစ်တုန်းက တစ်ပတ် တစ်ပွဲပဲ ကစားရတာဟာ နယူးကာဆယ်အတွက် သိပ်ကောင်းခဲ့တယ်။
အာဆင်နယ်နဲ့ လီဗာပူးတို့က ထိပ်ဆုံး ၄ သင်းနေရာ စိန်ခေါ်မယ်ဆိုတာ သက်သက်ကြီး ထည့်ပြောစရာကို မလိုဘူး။ ယူနိုက်တက်ကလည်း ကစားသမားကောင်းတွေ ခေါ်ယူထားပြီး အရှိန်အဟုန်ကောင်းတွေ ရှိနေပြီ။
စပါးကလည်း လူငယ်တွေအတွက် အများကြီး ရင်းနှီးမြုပ်နှံထားသလို ချယ်ဆီးကလည်း ကစားသမားကောင်း အပြင် မန်နေဂျာကောင်းပါ ရထားတယ်။ ထိပ်ဆုံး ၄ နေရာ ပြိုင်မှာ ၆ သင်းကနေ ၇ သင်းလောက်ရှိနေပါတယ်။
ကိုယ်က စွမ်းဆောင်ရည် နည်းနည်းပဲကျကြည့် အဝေးကို လွင့်ထွက်သွားမှာပါ ” လို့ ဂွာဒီယိုလာက ပြောဆိုသွားတာပါ။
ဒီရာသီမှာ လီဗာပူးအသင်းဟာ နည်းပြအပြောင်းအလဲ လုပ်ထားတာကလွဲလို့ ကစားသမားပိုင်းမှာ လူဟောင်းတွေကို ဆက်ထိန်းပြီး လူသစ် ခေါ်ယူထားခြင်းလည်း မရှိပါဘူး။
အသင်းရဲ့ ရာသီစ ရည်မှန်းချက်ဟာ ထိပ်ဆုံး ၄ သင်းဝင်ခွင့်ဖြစ်ပြီး ပိုမြင့်တဲ့ အဆင့်တွေကို စိန်ခေါ်နိုင်မလားက ရာသီဝက် နောက်ပိုင်းမှာ သိသာလာမှာ ဖြစ်ပါတယ်။
