ပရီးမီးယားလိဂ် တစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရမယ့် တိုက်စစ်အတွဲကို ဖော်ဆောင်လိုပေမယ့် မအောင်မြင်ခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အထူးခြားဆုံးဖြစ်မယ့် တိုက်စစ်အတွဲကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လီဗာပူးအသင်းမှာ ၁၁ နှစ်ကြာအောင် ဒေတာသမားအဖြစ် အလုပ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ အသင်းက ထွက်ခွာသွားတဲ့ အိုင်ရန် ဂရေဟမ်က ဒီအကြောင်းကို ပြောပြခဲ့တာပါ။

မိုဆာလာ၊ ဖာမင်နိုနဲ့ မာတစ်တို့ကို ခေါ်ယူရေးမှာ မိုက်ကယ်အတ်ဝပ်ကို အဓိက အကြံပေးခဲ့တဲ့ ဝေလ်းလူမျိုး အိုင်ရန် ဂရေဟမ်ဟာ လီဗာပူးအမာခံ ပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။

လီဗာပူးအတွက် ခေါ်ယူပေးဖို့ မအောင်မြင်ခဲ့တဲ့ ကစားသမားအကြောင်း မေးခံရချိန်မှာ အိုင်ရန် ဂရေဟမ်က အခုကိစ္စကို ထုတ်ဖော်ခဲ့ပါတယ်။

“ လီဗာပူးတိုက်စစ်မှာ လူးဝစ် ဆွာရက်ဇ်နဲ့ ဒီယေဂို ကော်စတာ အတွဲကို ခင်ဗျားတို့ မြင်ယောင်ကြည့်ကြဗျာ ” လို့ လီဗာပူးအသင်း ဒေတာသုတေသန အကြီးအကဲဟောင်းက ပြောပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၃ ခုနှစ်တုန်းက ၁၀ ပွဲပယ်ခံထားရတဲ့ ဆွာရက်ဇ်နေရာ အားဖြည့်ရေး ကော်စတာကို စာချုပ်ပါကြေး ယူရို ၂၅ သန်းပေးပြီး ခေါ်ယူဖို့ အက်သလက်တီကိုနဲ့ သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားက စပိန်မှာပဲ ဆက်နေလိုခဲ့တာပါ။

“ သူတို့အတွဲဆို ဘယ်လောက်တောင် ညစ်ကစားလိုက်ကြမလဲဗျာ၊ ကျနော်တို့ ကိုစတာကို ခေါ်ယူချင်ခဲ့ပေမယ့် နောက်နှစ်မှ သူက ချယ်ဆီးကို ရောက်သွားခဲ့ပါတယ် ” လို့ အိုင်ယန် ဂရေဟမ်က ပြောပြပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီ လီဗာပူးတိုက်စစ်မှာ SAS အတွဲ​ ခြေစွမ်းပြခဲ့ကာ ပရီးမီးယားလိဂ်ကို အကြီးအကျယ် ဒုက္ခပေးခဲ့ပေမယ့် ဒုတိယနေရာကပဲ ရာသီသိမ်းခဲ့ပါတယ်။

နောက်ရာသီမှာ ကော်စတာက ချယ်ဆီးအသင်းကို ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အန္တရာယ်အကြီးဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးဖြစ်လာချိန် လူးဝစ် ဆွာရက်ဇ်က ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။