‘Klopp’s kids’ တွေအားလုံးကို ရောင်းထုတ်တယ်ဆိုတဲ့ တိုက်ရိုက် မေးခွန်းအပေါ် အာနယ် ဆလော့ ဖြေရှင်း

ယာဂင်ကလော့ပ် ကြိုးစားမွေးထုတ်ထားတဲ့ လူငယ်တွေကို အကုန်လုံး ရောင်းထုတ်နေတယ် ဆိုတဲ့ ပြင်ပက အသံတွေအတွက် ဘရန့်ဖိုဒ့်ပွဲကြိုမှာ နည်းပြ အာနယ် ဆလော့က ဖြေရှင်းပေးလာပါတယ်။

မနှစ်ကရာသီ ကာရာဘောင်းဖလား အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ ဘော်ဘီကလက်ကို ရောင်းထုတ်လိုက်သလို ဗန်ဒုတ်၊ မက်ကော်နယ်၊ စကန်လွန်အပြင် တေလာမော်တန်၊ ဘာ့ဂျ်ဆဲတစ်တို့လည်း ထွက်ခွာဖွယ်ရှိတဲ့နောက် ‘Klopp’s kids’ တွေ ရှင်းထုတ်ခံနေရတယ်ဆိုတဲ့ အသံ ထွက်လာတာပါ။

နည်းပြအာနယ် ဆလော့ကတော့ လီဗာပူးအသင်း ကောင်းစားရေးကိုပဲ အာရုံစိုက်ရမှာ ဆိုပေမယ့် လူငယ်လေးတွေ သူတို့ကစားသမားဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားရေး စီမံပေးဖို့ကလည်း အသင်းတာဝန်ဖြစ်တယ်လို့ ပြောလာပါတယ်။

အာနယ်ဆလော့က “ လူငယ်လေးတွေက ပွဲကစားချင်ကြတယ်၊ ပွဲကစားပြီး တိုးတက်ချင်ကြပါတယ်။ အမြဲတမ်း ဒီလိုပါပဲ အကယ်ဒမီကနေ ပေါ်ထွက်လာပြီး ပွဲကစားခွင့် နည်းနည်းရတာကနေ ကိုယ့်ရဲ့ ပွဲကစားခွင့်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရတော့တာပါပဲ။

လီဗာပူးအသင်းမှာ အကယ်ဒမီကစားသမားတွေ ငယ်မွေးခြံပေါက်တွေ အများကြီး ရှိပါသေးတယ်။ သူတို့ထဲက တစ်ဦးဖြစ်တဲ့ နိုင်ယွန်နီဆိုရင် စီနီယာအသင်းနဲ့ ပုံမှန် လေ့ကျင့်ရေး ဝင်နေပြီး သူ့အသက်ဟာ အခုမှ ၁၇ ပဲ ရှိပါသေးတယ်။

ဒီတော့ လီဗာပူးအသင်းက လူငယ်စတားတွေကို အမြဲတမ်း သွေးသစ်လောင်းပါတယ်။ လူငယ်လေးတွေက သူတို့ ကစားသမားဘဝ နောက်ထပ် အဆင့်ကို တက်ဖို့ ကစားခွင့်ရမလား၊ မှန်ကန်တဲ့ အခိုက်အတန့်ကို ရှာဖွေနိုင်မလားဆိုတာဟာ အမြဲတမ်း စိန်ခေါ်မှုဖြစ်ခဲ့တာပါပဲ။

ဗန်ဒိုက်လို၊ ဆာလာလို ကစားသမားတွေ အသင်းမှာ ရှိနေသလို အခြားနေရာတွေမှာ ထိပ်တန်းကစားသမားတွေ ရှိနေတာကြောင့် လူငယ်တွေကို ပွဲကစားခွင့်ပေးဖို့က မလွယ်ပါဘူး။ ဒါကြောင့် သူတို့အတွက် အကောင်းဆုံးဖြစ်ရေး အသင်းကနေ ထွက်ခွင့်ပေးလိုက်ဖို့ပါပဲ။

ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက်ပဲ (လီဗာပူးကောင်းစားရေး) အမြဲတမ်း ဂရုစိုက်ချင်ပေမယ့် ကျနော်တို့မှာ ဒီလူငယ်လေးတွေရဲ့ ဘဝတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့လည်း တာဝန်ရှိပါတယ်။

လူငယ်လေးတွေကို တစ်ရာသီလုံးမှာ ပွဲကစားချိန် မိနစ် ၅၀၀-၆၀၀ လောက်ပေးရင် သူတို့ ပျော်မှာ မဟုတ်ပါဘူး။ ကျနော် အမြင်ကတော့ သူတို့ကို ပေးမကစားနိုင်ရင် အခြားနေရာမှာ ပေးကစားပြီး သူတို့ကို တိုးတက်ခွင့်ပေးရမှာပါ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ နိုင်ယွန်နီ၊ နယ်လိုတို့ကို စီနီယာအသင်းနဲ့ ပူးတွဲလေ့ကျင့်ဖို့ ခေါ်ယူထားပြီး ယူ-၂၁ အသင်းကိုလည်း ကြီးကြီးမားမား သွေးသစ်လောင်းနေတာပဲ ဖြစ်ပါတယ်။