ကစားသမားတွေရဲ့ ဉာဏ်ကွန့်မြူးမှုမှာ သတိကပ်စေခြင်း၊ အဓိက အသင်းသား တစ်ဦး မရှိရင် တူညီတဲ့ စွမ်းဆောင်ရည် ပြနိုင်ဦးမှာလား၊ ဘယ်သူ ဆရာလဲ ပြခဲ့တဲ့ ဆလော့နဲ့ ဘရန့်ဖိုဒ့်ပွဲအပြီး စကားပြောစရာများ

အန်ဖီးမှာ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ကစားတဲ့ပွဲအတွင်း လီဗာပူးဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြန်ပါတယ်။ ဒီနောက်ပိုင်းမှာ ဘောလုံးပွဲတွေကို ဟိုက်လိုက်လောက်ပဲကြည့်ပြီး ထင်မြင်ချက်ပေးမှုတွေ သိပ်များပါတယ်၊ မိနစ် ၉၀ အတွင်းမှာ ဘယ်ကစားသမားမှ စင်းလုံးချော မကောင်းသလို ပြည့်စုံနေတာလည်း မရှိပါဘူး။

ဒီတော့ ပွဲထဲမှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေက ထူးထူးခြားခြားဖြစ်မလဲ ဆိုတာကို LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြသွားပါမယ်။

ကလော့ပ်ရဲ့ heavy metal မဟုတ်တော့

လီဗာပူးအသင်းဟာ အခုချိန်ထိ ကလော့ပ်ရဲ့ အတွေးအခေါ်တွေ အများကြီး ပူးဝင်နေဆဲ အသင်းတစ်သင်းဖြစ်ပါတယ်။ ကောင်တာတိုက်စစ်ကို နှစ်အကြာကြီး ကစားခဲ့တဲ့ အသင်းတစ်သင်းဖြစ်တာမို့ ဘောလုံးပိုင်ဆိုင်မှုအသားပေးဟန် ပြောင်းလဲလာရာမှာ ပုံစံဟောင်းကို လုံးဝကြီး ပစ်ခွာမသွားသေးပါဘူး။

ဘရန့်ဖိုဒ့်ရဲ့ ထောင့်ကန်ဘောကနေ ကိုနတေး ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ ပူးပေါင်းလုပ်ဆောင်သွားတာဟာ ကလော့ပ်ရှိစဉ်က ကောင်တာတိုက်စစ်ပုံစံပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့ heavy metal ထက်စာရင်း ဘောလုံးကိုင်ကစားဖို့ ပိုပြီး အသားပေးလာပါတယ်။

၄-၂-၃-၁ အထိုင်မှာ အစွန်သမားတွေကို ကလော့ပ် လက်ထက်ကလို တောင်ပံကို ဖြန့်ပြီးကစားစေတာမျိုး မဟုတ်ဘဲ ဆန့်ကျင်ဘက်အဖြစ် ကွင်းလယ်မှာ ပိုစုကစားစေတာမျိုးလို အသွင်ပြောင်းထားပါတယ်။ အစွန်သမားတွေဟာ ကွင်းလယ်လူတွေနဲ့ ပိုမို ချိတ်ဆက်ကစားခွင့် ရလာခဲ့ပြီး တိုက်စစ်သမားတွေအတွက် ပံ့ပိုးပေးပါတယ်။

ဗန်ဒိုက်နဲ့ ဆာလာတို့ရဲ့ အရည်အချင်းကို ဆက်သုံးပြနေခြင်း

နံပါတ် ၉ သမားကို ဘောလုံးမပေးနိုင်လို့ ကွမ်းဆက်ကို လူစားလဲခဲ့ကြောင်း ဆလော့က ထုတ်ပြောပေမယ့် သူပြောခဲ့တာ ဂျိုတာရယ်လို့ မဟုတ်ဘဲ တိုက်စစ်က ဘောလုံးလက်ခံမယ့်သူကို ဆိုလိုဟန် ရှိပါတယ်။

အစ်ဝစ်ချ်ပွဲမှာကော ဘရန့်ဖိုဒ့်ပွဲမှာပါ ပြိုင်ဘက်ခံစစ်လိုင်းကို ကျော်ပြီး တိုက်စစ်သမားတွေ ပြေးထွက်နိုင်မယ့် နေရာလွတ်ထံ အဝေးဘောတွေ သုံးပြီး ပို့နေဆဲပါ။ ထရန့်ကလည်း ဘေးတိုက် ဖြတ်တင်ဘောတွေတင် မဟုတ်တော့ဘဲ ဒေါင်လိုက်ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်အတွက် ဘောလုံးဖြန့်ပေးမှုတွေ ပိုလုပ်လာပါတယ်။

တိုက်စစ်အတွက် ခံစစ်လိုင်းကနေ အဝေးပေးချက်တွေကို ဗန်ဒိုက်ကော၊ ကိုနတေးပါ ကောင်းကောင်းပေးနိုင်စွမ်းရှိပြီး ဆာလာ ထွက်နိုင်လောက်မယ့် နေရာလွတ်ထံ ဗန်ဒိုက်ရဲ့ တိကျတဲ့ ပေးချက်တွေဟာ လီဗာပူးတိုက်စစ်ထံက အကောင်းဆုံး လှုပ်ရှားမှုတွေဖြစ်လာရေး စတင်ချက်တွေဖြစ်လာလေ့ရှိပါတယ်။

ကစားသမားတွေရဲ့ ဉာဏ်ကွန့်မြူးမှုကို သတိကပ်စေတယ်

လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားလာသလို ဆိုဘိုစလိုင်က တိုက်စစ်အတွက် ဖန်တီးရှင်လို ချိတ်ဆက်သူလို တာဝန်ကို ရယူလာပါတယ်။ ဆိုဘို၊ မာကာ၊ ဂရာဗင်ဘက်ချ်တို့ရဲ့ ကွင်းလယ်ဟာ ကလော့ပ် လက်ထက်ကထက်စာရင် ဘောလုံး ရှိချိန်ကော မရှိချိန်မှာပါ လုပ်ပိုင်ခွင့်တွေ အများကြီး ပိုရလာခဲ့တယ်။

မလိုအပ်ဘဲ အရမ်းကြီး မစွန့်စားစေသလို ဘောလုံးပိုင်ဆိုင်မှုကိုလည်း ဆက်တိုက် ထိန်းရင်း ကစားသမားတွေရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးမှုအတိုင်း သတိလေးကပ် ကစားစေပါတယ်။ ကလော့ပ် လက်ထက်ကနဲ့ နှိုင်းယှဉ်ရင် ပိုတိကျတဲ့ တိုက်စစ်ကစားပုံရှိထားသလို ဂိုးပေါက် ခြိမ်းခြောက်နိုင်စွမ်းလည်း တော်တော်များပါတယ်။

ဘရန့်ဖိုဒ့်ပွဲမှာလည်း တစ်ချက်ထိ ပုံစံတွေနဲ့ ပြိုင်ဘက် ဧရိယာအတွင်းထဲထိ ဆာလာ၊ ဂျိုတာတို့ မွှေကစားခဲ့တာမှာ ဂျိုတာ ကံခေလွန်းလို့ ဂိုးမရတာပါ။

ဘယ်သူက ဆရာလဲ ပြသွားတဲ့ ဆလော့

ပွဲချိန် ၇၂ မိနစ်မှာ ဘရန့်ဖိုဒ့်ကို ဦးဆောင်ထားချိန် ဆလော့က ထရန့်ကို လူစားလဲခဲ့ပါတယ်။ နည်းပြတစ်ယောက်က ဘယ်လောက်ပဲ ကစားသမားဘက်ကတွေးပါစေ ထရန့်လို လူကို ခပ်စောစော လူစားလဲမယ်ဆိုရင် နောက်ဆက်တွဲဆိုတာ ရှိတာပါပဲ။

ဆလော့ကတော့ ထရန့်အပြင် ဆာလာလို သွားထိဖို့ မလွယ်တဲ့ ကစားသမားကိုလည်း လူစားလဲပြခဲ့ပါတယ်။ အာနယ် ဆလော့ဟာ လက်ရှိ အချိန်ထိ လူစားလဲမှုတွေ ရာနှုန်းပြည့်မှန်ကန်နေပြီး အသင်းက ကျဉ်းထဲကျပ်ထဲကျရောက်နေချိန်မှာ ဒီလို သွေးအေးပြီး မှန်ကန်တဲ့ လုပ်ရပ်မျိုး လုပ်နိုင်ဦးမလား စိတ်ဝင်စားစရာပါပဲ။

အဓိက ပွဲထွက်သမား တစ်ယောက်ယောက် မရှိရင်ကော

လီဗာပူးမှာ အဓိက စိုးရိမ်ရတဲ့ ကိစ္စက ဗန်ဒိုက် ဒါမှမဟုတ် ဆာလာ ဒဏ်ရာရသွားခဲ့ရင်ဆိုတာနဲ့ ကွင်းလယ်ခံစစ်က တစ်ရာသီလုံးစာအတွက် အဆင်ပြေပါ့မလား ဆိုတာပါပဲ။ ဘယ်အစွန်က ရိုဘိုရဲ့ ခြေစွမ်းဟာလည်း ပြီးခဲ့တဲ့ ၂ ရာသီလုံးမှာ အတက်အကျ အရမ်းများပါတယ်။

ဂရာဗင်ဘက်ချ်ဟာ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ကွင်းလယ်အတွင်းလူ နေရာကနေ ရှာတွေ့နေပါတယ်။ သူက တော်တော်လေးလည်း ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသထားပါတယ်။

စျေးကွက်က မပိတ်သေးပါဘူး။ ဒီအပတ်မှာ လီဗာပူးဘက်က ကြိုးစားခွင့်ရှိထားပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။