

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ စျေးကွက်ထဲ ဝင်ရောက် လှုပ်ရှားနေဆဲဖြစ်ပြီး အီတလီ တိုက်စစ်မှူး ချီယေဆာကို ချိတ်ဆက်နေပြီဖြစ်ပါတယ်။
မကြာခင် အသက် ၂၇ နှစ် ပြည့်တော့မယ့် ချီယေဆာကို လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ဝန်းကျင်ပေးရမှာဖြစ်သလို လုပ်ခကတော့ တစ်ရာသီကို ယူရို ၅ သန်းအထက် သုံးရမှာဖြစ်ပါတယ်။
ချီယေဆာဟာ အတွေ့အကြုံရင့် ကစားသမားကောင်း တစ်ဦးဖြစ်သလို လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းကဆိုရင် ဥရောပမှာ အသင်းတိုင်းက လိုချင်တဲ့ ကစားသမားကောင်းပါ။ ဒါပေမယ့် အခု သူ့ကို သံသယတွေများနေတာက ကစားသမားရဲ့ ဒဏ်ရာ မှတ်တမ်းကြောင့်ပါပဲ။
၂၀၂၂ ခုနှစ်မှာ ချီယေဆာဟာ ပြင်းထန် ဒဏ်ရာ ရခဲ့ပြီး ကစားသမားဘဝ ၁ နှစ်နီးပါး အနားယူခဲ့ရပါတယ်။ အဲ့နောက်ပိုင်းမှာ သူ မကြာခဏ ဒဏ်ရာရလေ့ရှိပြီး ၁ လဝန်းကျင်ထက်တော့ ပိုမနားရပါဘူး။ မနှစ်ကရာသီမှာဆိုရင် ပွဲပေါင်း ၃၇ ပွဲ (သွင်းဂိုး ၁၀ ဂိုး) ကစားနိုင်ခဲ့တာမို့ ကြံ့ခိုင်မှုကို ပိုကိုင်တွယ်လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ချီယေဆာဟာ ကစားသမားဘဝမှာ တိုက်စစ်ပိုင်းကိုပဲ အဓိက ကစားခဲ့ပါတယ်။ သူက တောင်ပံအပြင် အထောင်နဲ့ နောက်ချန် တိုက်စစ်နေရာတွေလည်း ကစားပါတယ်။
လီဗာပူးက သူ့ကို ခေါ်ယူမယ်ဆိုရင် ဆာလာနေရာ အရန်အဖြစ် မြင်နိုင်သလို ဒီယေဂို ဂျိုတာနေရာ ကောင်းကောင်းကြီး အစားဝင်နိုင်မယ့် ကစားသမားမျိုးလည်းဖြစ်ပါတယ်။ လိုအပ်လာရင် ဆိုဘို လက်ရှိ ကစားနေတဲ့ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်သူအဖြစ်လည်း သုံးနိုင်ပါတယ်။
တိုက်စစ်မှာ စွယ်စုံရတဲ့ ဂျိုတာဟာ မကြာခဏ ဒဏ်ရာရလေ့ရှိတဲ့ ကစားသမားပါ။ သူဟာ ဒဏ်ရာ ကင်းနေရင် ကမ္ဘာ့အဆင့် နံပါတ် ၉ သမားဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီအတွင်း သူ့ရဲ့ ဒဏ်ရာမှတ်တမ်းက ချီယေဆာထက် ပိုဆိုးရွားပါတယ်။
ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ လီဗာပူးအသင်း ဖလား ၄ လုံး လမ်းကြောင်းကနေ ထွက်ခဲ့ရတာက ဂျိုတာ ဒဏ်ရာရသွားချိန်မှာ ဒါဝင်၊ ဒီယက်ဇ်၊ ဆာလာတို့ ဂိုးပေါက် ပျောက်ခြင်းနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။
ချီယေဆာကို ခေါ်ယူခြင်းဟာ တိုက်စစ်ပိုင်း စွယ်စုံသုံးနိုင်မယ့် ကစားသမားတစ်ဦး ထပ်ရတာဖြစ်ပြီး ဂျိုတာကို ပွဲကစားချိန် သက်သာအောင် ပိုမို စီမံပေးနိုင်ပါမယ်။ ချီယေဆာကို ခေါ်ခဲ့မယ်ဆိုရင် အသင်းအတွက် အရည်အချင်းကောင်း ပေါင်းထည့်မှုအဖြစ် အကောင်းမြင်နိုင်စရာ ရှိပါတယ်။
တချို့က သူဟာ ဒုတိယ အာသာမယ်လို ဖြစ်လာမယ် မြင်ကြပါတယ်။ သူ့ကို နောက်ထပ် ရှာကွီရီအဖြစ် မြင်နိုင်ပါတယ်။ တိုက်စစ်နဲ့ ကွင်းလယ်အတွက် လိုအပ်ချိန်တိုင်း လူစားဝင်လာခဲ့တဲ့ ဆွစ်ဇလန်သားဟာ လီဗာပူးအသင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေးမှာ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။