

လီဗာပူးအသင်းဟာ ဂျူဗင်တပ် တိုက်စစ်သမား ချီယေဆာကို ခေါ်ယူဖို့ အဆင်သင့်ပြင်ထားပြီး အပြီးသတ် ကိစ္စတွေ လုပ်ဆောင်ဖို့ ကစားသမားက မာဆေးဆိုဒ်ကို ထွက်လာနေပါပြီ။
ကလပ်နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၀.၉ သန်းဖြင့် သဘောတူညီမှု ရမယ်လို့ သိထားရကာ ချီယေဆာက အင်္ဂလန်ကို လာနေပြီဖြစ်ပါတယ်။
လေဆိပ်မှာ အီတလီသတင်းထောက်တွေကို ချီယေဆာက ဖြေဆိုပေးရာမှာ “ အရမ်းပျော်နေသလို လီဗာပူးကစားသမားသစ် ဖြစ်လာဖို့ မစောင့်နိုင်အောင်ပါပဲ။ မိသားစုကလည်း ကျနော်နည်းတူ အရမ်းပဲ ပျော်ရွှင်နေပါတယ်။
ကျနော်အပေါ် အမြဲတမ်း ကောင်းပေးခဲ့တဲ့ ဂျူဗင်တပ်နဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အခုကတော့ လီဗာပူးအသင်းနဲ့ ရှေ့ဆက်ဖို့ အချိန်ကျပါပြီ။ ကျနော် အရမ်းပျော်နေသလို မစောင့်နိုင်အောင် ဖြစ်နေပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
လက်တလော အပြောင်းအရွှေ့ ထူးခြားမှုအဖြစ် လီဗာပူးအသင်းဟာ ကွင်းလယ်လူ မော်တန်အတွက် လေဗာကူဆင်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီဖြစ်ပါတယ်။
လေဗာကူဆင်ဘက်က မော်တန် ကြံ့ခိုင်နေရင် ဒီရာသီမှာ ပွဲစဉ် အားလုံးရဲ့ ၅၀% ထိ ကစားခွင့်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် လီဗာပူးဘက်က အငှားမလွှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ ကွင်းလယ်ခံစစ်မှာ မော်တန်ကို သုံးဖို့ ရည်ရွယ်တာလား အခြားကလပ်ထံ ပို့မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။