ဒတ်ချ်ဘောလုံးရဲ့ ကြယ်တစ်စင်းအဖြစ် ချီးကျူးသံတွေ ဆူညံစွာရလာနေတဲ့ ဂရာဗင်ဘက်ချ်

လီဗာပူးအသင်းမှာ တာထွက်ကောင်းနေတဲ့ ဂရာဗင်ဘက်ချ်ဟာ နယ်သာလန်အသင်းရဲ့ ကွင်းလယ်မှာပါ စတင် နေရာရလာပါတယ်။

ဘော့စနီးယားကို ၅-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂရာဗင်ဘက်ချ်ဟာ ကွင်းလယ် ၂ ယောက်တန်းမှာ ပါခွင့်ရခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်လု ခြေစွမ်းကို ပြသခဲ့တာပါ။ ဒါကြောင့်ပဲ ဒတ်ချ်ပြည်တွင်းမှာ ဂရာဗင်ဘက်ချ်ကို ချီးကျူးသံတွေ ဝေဆာနေပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဗန်ဒန်ဘတ်ကလည်း ” ဂရာဗင်ဘက်ချ်က ကစားတာ တော်တော်လေး ကောင်းတယ်ကွ။ အတော်လေးကို ပုံစံကောင်းရနေတာပဲ။ သူက လွတ်လွတ်လပ်လပ်ကြီးကို ကစားနေတာ။

ပြင်းပြင်းထန်ထန် ကစားနိုင်စွမ်းရှိသလို အမြဲတမ်း လိုင်းတွေကြားထဲ ဝင်ပြီး ကစားနေပါတယ်။ သူ ကစားနေတာက ယုံကြည်မှုလည်း အပြည့်ပဲ၊ နောက်ဆုံးတော့ ယုံကြည်ချက်တွေ အပြည့်နဲ့ ကစားသမား ပေါ်ထွက်လာပြီပေါ့ကွာ ” လို့ဖြစ်ပါတယ်။

အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ဂရာဗင်ဘက်ချ်ဟာ သူ ဘာလုပ်နိုင်လဲ ပြသနေပြီ ဆိုတဲ့ အသံနဲ့ ဒတ်ချ်ဘောလုံးလောကရဲ့ ကြယ်ပွင့်တစ်စင်းဆိုတဲ့ ချီးကျူးမှုတွေကို ရင်ဆိုင်နိုင်စွမ်း ရှိနေပါတယ်။

ဘော့စနီးယားပွဲက ခြေစွမ်းအတွက် ဂရာဗင်ဘက်ချ် ကိုယ်တိုင်ကတော့ ” ကျနော်ကို ချီးကျုးကြတာအတွက် ရှက်ရွံမနေပါဘူး၊ ချီးကျူးသံတွေကြားရတာ သိပ်ကောင်းပါတယ်။ ကျနော် ပွဲထွက်ခွင့်တွေ စရနေတယ်၊ ကိုယ့်ခြေစွမ်းကိုယ် အားရကျေနပ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။