

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်ကို အရေးနိမ့်တဲ့ပွဲအတွင်း နည်းပြအာနယ် ဆလော့ရဲ့ ပထမဆုံး စည်းမျဉ်းကို အကောင်အထည်ဖော်ရေး ကျရှုံးခဲ့ကြပါတယ်။
ရာသီစ ၃ ပွဲမှာ ၃ ပွဲလုံး အနိုင်ရပြီး ပေးဂိုး လုံးဝ မရှိထားသလို ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ လီဗာပူးဟာ ဖောရက်စ်ပွဲမှာတော့ တိုက်စစ်က ဂိုးမသွင်းနိုင်ဘဲ ခံစစ်က ဂိုးပေးလိုက်ရကာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒီရှုံးပွဲနဲ့ပတ်သက်ပြီး စကားပြောစရာ ကိစ္စအများကြီး ရှိပေမယ့် အခြေခံ အကြောင်းတရားမှာတော့ တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ကျရှုံးပြီး ဘောလုံးပိုင်ဆိုင်ချိန် အခွင့်အရေး ဖန်တီးမှု မလုပ်နိုင်ခြင်းကပဲ စကားပြောသွားတာ ဖြစ်ပါတယ်။
အာနယ်စလော့က တစ်ဦးချင်း ထိပ်တိုက်တွေ့မှုမှာ အနိုင်ရဖို့က အရေးကြီးတယ်လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြောထားခဲ့တာဖြစ်ကာ အစ်ဝစ်ချ်ပွဲမှာ ကွမ်းဆက်ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့တာကလည်း ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် စနေနေ့က ရှုံးပွဲမှာ လီဗာပူးအသင်းဟာ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုမှာ ဆက်တိုက်ဆိုသလို ကျရှုံးခဲ့ပါတယ်။ လီဗာပူးရဲ့ ပွဲထွက်ကစားသမား ၅ ဦးဟာဆိုရင် တစ်ဦးချင်း ထိပ်တိုက်တွေ့မှုမှာ အောင်မြင်တာထက် ကျရှုံးမှုက ပိုများခဲ့တယ်။
ဥပမာအားဖြင့် ထရန့်ဆိုရင် တစ်ဦးချင်း ထိပ်တိုက်တွေ့မှု ၁၄ ကြိမ်မှာ ၁၀ ကြိမ်ထိ ကျရှုံးခဲ့ပါတယ်။ အဲ့ထဲမှာတော့ ၈ ကြိမ်က မြေပြင်မှာဖြစ်ပြီး ၂ ကြိမ်ပဲ အမြင့်ဘော ပါခဲ့တာပါ။
၁ ပွဲလုံးမှာ ပုံမှန် စွမ်းဆောင်ရည် ပြသနိုင်ခဲ့သူ ၂ ဦးပဲရှိပြီး သူတို့ကတော့ ဗန်ဒိုက်နဲ့ ဂရာဗင်ဘက်ချ်တို့ဖြစ်ပါတယ်။ နယ်သာလန်သား ၂ ဦးဟာ ရာသီစ ၃ ပွဲအတိုင်း တူညီတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကာ ထရန့်၊ ဂျိုတာ၊ ဆာလာ၊ ဆိုဘိုစလိုင်နဲ့ ရော်ဘတ်ဆန်တို့ကတော့ ပုံမှန်ခြေစွမ်းအောင်မှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။