NEWS: ဘုန်းမောက်ပွဲကို အယ်လီဆန် လွဲချော်ဖွယ်ရှိ

မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် ဘုန်းမောက်နဲ့ပွဲကို ဂိုးသမား အယ်လီဆန် လွဲချော်နိုင်ကြောင်း အာနယ် ဆလော့က ထုတ်ပြောလာပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံ ၅ ပွဲလုံး ပါဝင်ခဲ့တဲ့ အယ်လီဆန်ဟာ ပေးဂိုး ၂ ဂိုးပဲ ရှိထားတာပါ။ ဒါပေမယ့် အေစီမီလန်ပွဲအပြီး သူ့ရဲ့ ကြံ့ခိုင်မှုက သံသယဝင်စရာ အခြေအနေမျိုး ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

တံကောက်ကြောမှာ နာကျင်မှုဖြစ်နေတယ်လို့ သိရပြီး လုံလောက်တဲ့ ကြံ့ခိုင်မှု မပြည့်ရင်တော့ အနားပေးထားမယ့် သဘောမျိုး အာနယ်က ဆိုပါတယ်။

“ အယ်လီဆန် ဒီနေ့ လေ့ကျင့်ရေး ဆင်းနိုင်ဖို့ မသေချာပါဘူး။ ဒီတော့ သူ လေ့ကျင့်ရေး ဝင်နိုင်မလား စောင့်ကြည့်ရမှာပါ။ မဝင်နိုင်ဘူးဆိုရင် သူ ဘုန်းမောက်ပွဲ ပါနိုင်ဖို့ မရှိပါဘူး ” လို့ အာနယ် ဆလော့က ပြောပါတယ်။

အသင်းရဲ့ ဂိုးပေါက်ကို နိုင်ငံတကာ သီတင်းပတ်မှာ အိုင်ယာလန်အတွက် လက်စွမ်းပြခဲ့တဲ့ ကလယ်ဟာ တာဝန်ယူဖို့ အဆင်သင့်ရှိနေမှာဖြစ်ကာ အရန်အဖြစ်တော့ ဂျာရိုစ့် ရှိနေပါမယ်။

အသက် ၂၂ နှစ်အရွယ် ချက်ဂိုးသမား ဂျာရိုစ့်ဟာ မနှစ်ကရာသီ ဩစတြီးယားကလပ် Sturm Graz အသင်းနဲ့ အမှတ်ပေးဖလား အောင်မြင်ခဲ့သူပါ။ သူဟာ ဒီရာသီမှာ အသင်းက ထွက်သွားတဲ့ အတ်ဒရီယန် နေရာ အစားဝင်ပြီး အသင်းရဲ့ တတိယဂိုးသမား ဖြစ်လာသူပါ။