အာနယ် ဆလော့ လက်ထက် အသေးစိတ်ကျတဲ့ နည်းစနစ်ပိုင်းတွေကို လီဗာပူး ပိုဂရုစိုက်လာ

ယာဂင်ကလော့ပ် နေရာ ဆက်ခံသူအဖြစ် လီဗာပူးအသင်းဟာ နယ်သာလန်သား နည်းပြ အာနယ် ဆလော့ကို ခန့်အပ်တဲ့နောက်ပိုင်းမှာ လေ့ကျင့်ရေးကွင်းမှာကော ကစားကွင်းမှာပါ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ ဖော်ထုတ်မှုအရ သိလာရမှု တစ်ခုကတော့ အက်ဆာ လေ့ကျင့်ရေးစင်တာက ဆလော့ရဲ့ ရုံးခန်းမှာ တည်ကန်ဘောနဲ့ နည်းစနစ်ပိုင်းတွေကို ပိုမို အကဲဖြတ်နိုင်ဖို့ television screen တွေ တိုးချဲ့ တပ်ဆင်ပေးထားပါတယ်။

ဘေးအခန်းမှာတော့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းလူစာရင်းတို့နဲ့ တစ်ဦးချင်းကော အသင်းလိုက်ပါ presentation လုပ်လို့ရမယ့် အခန်းရှိပြီး ဆလော့က အသင်းသားတွေနဲ့ မကြာခဏ တွေ့ဆုံမှု လုပ်လေ့ရှိတယ်လို့ သိရတယ်။

ဆလော့က သူဖြစ်ချင်တဲ့ နည်းစနစ်ပိုင်းတွေအတွက် ဗီဒီယို ပြကွက်တွေနဲ့ ကစားသမားတွေကို အသေးစိတ် ပြသပြီး လမ်းညွှန်ရတာကို သဘောကျပါတယ်။ ဆလော့ဟာ ဗီဒီယိုပြကွက်တွေနဲ့ နည်းစနစ်ပိုင်း အစည်းအဝေးတွေ အများကြီး လုပ်ဆောင်လေ့ရှိကာ တစ်ဦးချင်းအပေါ်မှာ ကလော့ပ်ထက် ပိုအာရုံစိုက်လေ့ရှိတယ်လို့ သိရပါတယ်။

မီဒီယာတွေနဲ့ စကားပြောမှု မတိုင်ခင်မှာလည်း ပွဲနေ့ဆိုင်ရာ analyst သမားရဲ့ အကူအညီနဲ့ replay တွေကို ပြန်ကြည့်ပြီးမှ ပိုမို ရှင်းလင်းစွာ ထောက်ပြမှုတွေ လုပ်လေ့ရှိတာပါ။

ပွဲနေ့ မတိုင်ခင်တည်းက analyst သမားတွေနဲ့ အနီးကပ်လေ့လာပြီး ပွဲကို ချဉ်းကပ်သလို ပွဲချိန်တွင်းမှာဆိုရင်လည်း တည်ကန်ဘော အခြေအနေတွေကို ဘယ်လို ပြောင်းလဲရမလဲကအစ ညွှန်ကြားချက် အသစ်တွေနဲ့ ပွဲအဖြေကို ပြောင်းလဲဖို့ လမ်းညွှန်တယ်လို့ သိရတယ်။

ပြိုင်ဘက်အသင်းကို စောင့်ကြည့်ပေးရတဲ့ analyst သမားတွေကအစ ဆလော့ရဲ့ လီဗာပူးနည်းပြအဖွဲ့ကို ကူညီပေးရမယ့် ဌာနဟာ ကလော့ပ် လက်ထက်ကစာရင် အဖွဲ့ဝင် ပိုများလာတယ်လို့ ယူဆကြပါတယ်။

ရာသီစ အစ်ဝစ်ချ်ပွဲမှာဆိုရင် နေရာကျယ်ကျယ်ယူပြီး တောင်ပံတွေထိ ဖြန့်ကစားမယ့်အစား နည်းစနစ်ချိန်းပြီး ထရန့်နဲ့ ရော်ဘတ်ဆန်တို့ကို အသင်းဖော် ကွင်းလယ်လူတွေနဲ့ တွဲဘက်စေပြီး ခပ်စုစုနဲ့ ခပ်သိပ်သိပ် ကစားကြဖို့ လမ်းညွှန်တာမျိုးက analyst သမားတွေနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်တာလို့ သိရတယ်။

နည်းပြကလော့ပ်ဟာ ပြိုင်ဘက်အသင်းက တိုက်စစ်ကစားလား ခံစစ်ကစားလား ကိုယ့်အသင်းကို အသင်းလိုက် ဘယ်နေရာကနေ ခြိမ်းခြောက်နိုင်မလဲ ဆိုတာကို အဓိက အာရုံစိုက်သူဖြစ်ပြီး ဆလော့ကတော့ တစ်ဦးချင်းစီ ဘာလုပ်နိုင်လဲဆိုတဲ့အပေါ် information ယူကာ ပွဲအတွက် ပြင်ဆင်တတ်သူဖြစ်တယ်လို့ သိရပါတယ်။