ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုရင် လီဗာပူးအသင်း ဒီ ၂ နေရာ အားဖြည့်ဖို့လိုမယ်လို့ ကာရေဂါ ထောက်ပြ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဦးဆောင်နေပေမယ့် အာဆင်နယ်၊ မန်စီးတီးတို့ထက် စာရင် လူစာရင်း အင်အားက နည်းပါးနေတယ်လို့ ကာရေဂါက ဆိုပါတယ်။

အဓိက အားဖြင့် သွင်းဂိုးတွေအတွက် မျှဝေပေးနိုင်မယ့် ကွင်းလယ်တိုက်စစ်သမား မရှိခြင်းနဲ့ ခံစစ်ပိုင်း တစ်နေရာ အားနည်းခြင်းတွေဟာ ပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် သိသသာတဲ့ လူစာရင်း လိုအပ်ချက်အဖြစ် သူက အခုလို သုံးသပ်ပါတယ်။

ကာရေဂါကတော့ ” လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးတို့ရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ချိန်ထိုးကြည့်မယ်ဆိုရင် ပြိုင်ဘက်တွေက အရည်အချင်းပိုင်း ပိုသာတဲ့ အဓိက နေရာတွေ ရှိနေပါတယ်။

လီဗာပူးမှာက အိုဒီဂတ်၊ ဖိုဒန်၊ ဒီဘရိုင်းတို့လို ကွင်းလယ်တိုက်စစ်ပိုင်း အားနည်းတယ်။ ဒီကွင်းလယ်ကပဲ အသင်းတွေကို နောက်အဆင့်ထံ ပို့နိုင်တဲ့ နေရာဖြစ်ပါတယ်။

ဘောလုံးမရှိချိန်မှာ ဆိုဘိုစလိုင်ရဲ့ စွမ်းဆောင်ရည် သိပ်ကောင်းသလို သူက အသင်းထံ ခွန်းအားတွေ ယူလာပေးပြီး ခပ်ညစ်ညစ်တွေအတွက်ပါ ကစားပေးပေမယ့် ဘောလုံးရှိချိန်တွေမှာ သူ့အနေနဲ့ သွင်းဂိုး၊ ဂိုးထောက်ပံ့မှုတွေကို ပိုပြီး ထုတ်လုပ်ပေးနိုင်ဖို့ လိုနေပါတယ်။

ဆိုဘိုစလိုင်ရဲ့ ပွဲတွေမှာ ဒီအပိုင်းကို မမြင်ရပါဘူး။ သန်း ၆၀ တန် ကစားသမားအဖြစ် ဆိုဘို သွင်းဂိုးတွေအတွက် ပိုပြီး ပါဝင်ပေးမှာ မြင်လိုပါတယ်။

လီဗာပူးက ခံစစ်သမား နောက်တစ်ဦး လိုပါတယ်။ အရင်နှစ်တွေကတည်းက လီဗာပူးမှာ ဘယ်ခြမ်း ဗဟိုခံစစ်သမား လိုတာကို ကျနော် အမြဲပြောပါတယ်။ ရော်ဘတ်ဆန် ဒါမှမဟုတ် ဗဟိုခံစစ်ကို ကာဗာပေးနိုင်မယ့် ဘယ်ခြမ်းခံစစ်မှူးတစ်ယောက် လိုပါတယ်။

မန်စီးတီးမှာဆိုရင် အဲ့အတွက် အကီနဲ့ ဂါဗာဒီအော ရှိပါတယ်။ အာဆင်နယ်မှာ ကယ်လာဖီအိုရီ ရှိပါတယ်။ လီဗာပူးတို့ လူထပ်ဖြည့်ရမှာတွေရှိနေပြီး ဒဏ်ရာရ ကစားသမား အနည်းငယ်ဖြစ်လာရင် အရှိန်ကောင်းကို ဆက်ထိန်းနိုင်ဖို့ ခက်ခဲပါတယ် ” လို့ ထောက်ပြသွားတာ ဖြစ်ပါတယ်။