

ထရန့်က လီဗာပူးအသင်းခေါင်းဆောင် ဖြစ်လိုတယ်ဆိုတဲ့ ခေါင်းစဉ်အစား ဆုဖလားတွေနဲ့ ဘလွန်းဒီအောဆုအကြောင်း ပြောပြောလာတာဟာ အသင်းပရိသတ်တွေ သဘောမကျတဲ့ လမ်းကြောင်းတစ်ခုရဲ့ အစဖြစ်နိုင်တယ်လို့ ကာရေဂါက မြင်ပါတယ်။
၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မယ့် ထရန့်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ သွေးဆောင်ခြင်းကို ရနေသူဖြစ်သလို လီဗာပူးနဲ့လည်း စာချုပ်ကိစ္စ မပြီးပြတ်သေးပါဘူး။
ဒါပေမယ့် ဒီတလော ထရန့်ရဲ့ အင်တာဗျူးတွေဟာ လီဗာပူးအတိုင်းအတာထက် ပိုတဲ့ လုပ်နိုင်စွမ်းတွေကို ရည်မှန်းနေတာလို့ ယူဆခံလာရတယ်။
အထူးသဖြင့် ဆုဖလားတွေ ဆက်တိုက်ရလိုတယ်ဆိုတဲ့ မှတ်ချက်အပြင် အခုအခါ ဘောလုံးသမိုင်းမှာ ပထမဆုံး ဘလွန်းဒီအောဆုရတဲ့ ညာအစွန်လူ ဖြစ်လိုကြောင်း ပြောလာပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကာရေဂါကပဲ မာဆေးဆိုဒ်သားဟာ ရီးရဲလ်ကို သွားချင်နေတာလား? လို့ မေးခွန်းထုတ်သလို ဆက်ပြီးလည်း “ ထရန့်က ဘလွန်းဒီအောဆု အနိုင်ရအောင် ကြိုးစားနိုင်ပါတယ်၊ သူ့ရဲ့ ရည်မှန်းချက်က အမှားမရှိပါဘူး။
ဒါပေမယ့် သူပြောတာကို ကျနော် ဖတ်လိုက်ချိန် လီဗာပူးမှာ ကစားရင် ညာအစွန်လူ တစ်ယောက်အနေနဲ့ သူ ဘလွန်းဒီအော နိုင်မှာ မဟုတ်ဘူးလို့ ပြောသလို ခံစားမိတယ်။
ဘလွန်းဒီအောဆုဟာ ပုံမှန်အားဖြင့် ရီးရဲလ်နဲ့ ဘာကာက ကစားသမားတွေ အနိုင်ရလေ့ရှိပါတယ်။ ဒါကြောင့်ပဲ အဲ့အသင်းတွေကို ကမ္ဘာ့အကောင်းဆုံးတွေ သွားကစားကြတာပါ။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။