

၅ နှစ်ကြာအပြီး ဒီရာသီအကုန်မှာ လီဗာပူးအသင်းဟာ Nike နဲ့ သက်တမ်းမတိုးတော့ဘဲ အသင်းသမိုင်းမှာ ပါတနာဖြစ်ခဲ့ဖူးတဲ့ ဂျာမာန်အမှတ်တံဆိပ် Adidas ဖြင့် ပြန်လက်တွဲမယ့် သတင်းတွေက ကျယ်ပြန့်နေပြီဖြစ်ပါတယ်။
Adidas ဘက်က လီဗာပူးကို တစ်နှစ် ပေါင် သန်း ၆၀ ပေးမယ်လို့ သတင်းထွက်နေပြီး ဒါဟာ ဂျာမာန်ဘရန်းထံကနေ အာဆင်နယ်ရနေတဲ့ ပမာဏမျိုးနဲ့ အလားတူ အကျိုးအမြတ်မျိုး ခံစားခွင့်ရစေမှာဖြစ်ပါတယ်။
လီဗာပူးရမယ့် အကျိုးအမြတ် အတိအကျကတော့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ စွမ်းဆောင်နိုင်ခြင်းအပေါ် မူတည်သွားမယ်လို့ သိရတယ်။ ပြောင်းပြန်အားဖြင့် ယူရိုပါလိဂ်ထံ ဆင်းကစားရတာ ဒါမှမဟုတ် ဥရောပဝင်ခွင့် မရတာမျိုး ဖြစ်လာရင်တော့ သီးခြား အကျိုးအမြတ် နည်းပါးပါမယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ အမေရိကန် အမှတ်တံဆိပ်ဖြစ်တဲ့ Nike နဲ့ စာချုပ်ကုန်တော့မှာဖြစ်ကာ စာချုပ်သစ်အကြောင်း သတင်းမရှိဘဲ ပါတနာသစ်နဲ့ လက်တွဲတော့မယ့် ကိစ္စတွေက ပိုမို ရှေ့ရောက်နေတာပါ။
Nike ဘက်က လီဗာပူးနဲ့ ဆက်လက် လက်တွဲလိုပေမယ့် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာမှာ အမေရိကန်ဘရန်းရဲ့ စျေးကွက် ကျရှုံးလာမှုတွေအရ အဖွဲ့နှစ်ခုကြား ထပ်မံ လက်တွဲမှုမျိုး မြင်လာရဖို့ ခဲယဉ်းပါတယ်။
ဘဏ္ဍာရေးအရ Adidas ဟာ လီဗာပူးကို ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ဖြစ်လာစေနိုင်ပြီး လာမယ့်ရာသီ အိမ်ကွင်းဂျာစီဒီဇိုင်းကို စတင်ထားပြီလို့လည်း အသံထွက်နေတာဖြစ်ပါတယ်။