ပရိသတ်ကြိုက် မလုပ်ဘဲ သူတို့ကြိုက်တဲ့လူ ခေါ်ဖို့ စဉ်းစားနေပြန်တဲ့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်

FSG စီးအီးအို မိုက်ကယ်အတ်ဝပ်နဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ကတော့ လာမယ့် စျေးကွက်တွေမှာ မျက်ခုံးပင့်စရာ ရွေးချယ်မှု တစ်ခု ပြုလုပ်ဖွယ် ရှိနေပါတယ်။

ဒီနွေမှာ နည်းပြသစ် အာနယ် ဆလော့ကို ခေါ်ယူခဲ့ပေမယ့် အသင်းဟာ လူသစ်အဖြစ် စျေးကွက်ပိတ်ခါနီးမှာ ခီယေဆာ တစ်ဦးတည်းကို ကာလရှည် စီမံကိန်းဖြင့် ခေါ်ယူခဲ့တာပါ။

ဘယ်ခြမ်းခံစစ်သမားနဲ့ ကွင်းလယ်ခံစစ်သမား လိုအပ်ချက်ရှိကြောင်း ထောက်ပြမှုတွေကို ရစ်ချက်ဟုချ်တို့ သိထားခဲ့ပြီး ဇူဘီမန်ဒီကို ခေါ်ယူရေး ကြိုးစားရာမှာ ကျရှုံးခဲ့ပါတယ်။

စိတ်ဝင်စားစရာကတော့ ကလော့ပ်နေရာ အစားထိုးဖို့ ဦးဆောင်ရာမှာ ပရိသတ်ကြိုက် နာမည်ကြီးနည်းပြတွေထက် အသင်းရဲ့ပရော်ဂျက်အတွက် သင့်တော်သူကိုပဲ ဦးစားပေးခဲ့တဲ့ မိုက်ကယ်အတ်ဝပ်ဟာ နောက်ထပ်တစ်ကြိမ် တူညီတဲ့ လမ်းစဉ် လိုက်လိမ့်မယ်လို့ သတင်းထွက်နေပါတယ်။

အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ ၂၀၂၅ မှာ အပြောင်းအရွှေ့ စျေးကွက်တွေကျရင် ဘယ်ခြမ်းခံစစ်သမားနဲ့ ကွင်းလယ်ခံစစ်သမားတွေကို ကျော်ပြီး ဗဟိုတိုက်စစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးလာနိုင်တယ်လို့ မာဆေးဆိုဒ် သတင်းထောက် Ian Doyle က အရိပ်အမြွက် ပေးလာပါတယ်။

အသင်းမှာ အထောင်တိုက်စစ်ကစားဖို့ ဒါဝင်နဲ့ ဂျိုတာတို့ ၂ ဦး ရှိနေပေမယ့် နည်းပြဆလော့က ဂျိုတာကို False 9 သမားအဖြစ်ပဲ မြင်ထားပါတယ်။ ဆလော့ဟာ ၄-၂-၃-၁ ကစားကွက်ကို အထိုင်ထားဖို့လည်း စီစဉ်နေတယ်လို့ Ian Doyle က ဆိုပါတယ်။

ဆောင်းရာသီစျေးကွက်မှာ တိုက်စစ်သမားသစ် အလျင်စလို ခေါ်ယူသွားဖို့ မရှိပေမယ့် နွေစျေးကွက်မှာ လီဗာပူးအသင်း အထောင်တိုက်စစ်သမားတွေကို ချိတ်ဖွယ်ရှိပြီး စပို့တင်း တိုက်စစ်သမား ခရိုးကီးယက်စ်နဲ့ သတင်းကြီးလာတာကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။