အာဆင်နယ် ကစားသမားက ကျနော်ထက် ပိုကောင်းတယ်လို့ ဗန်ဒိုက် ထုတ်ဖော် ချီးကျူး

ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်နဲ့အတူ ဘောလုံးဆိုင်ရာ ဆွေးနွေးစကားပြောမှုကို လုပ်ခဲ့ပါတယ်။

အဲ့ထဲမှာတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ သူ့နောက်ပိုင်း အကောင်းဆုံး ကစားသမားဖြစ်လာနိုင်မယ့်သူအတွက် စကားပြောပေးဖို့ ဖြစ်လာချိန်မှာ လီဗာပူးအသင်းခေါင်းဆောင်က အာဆင်နယ် ခံစစ်မှူး ဆာလီဘာကို ချီးကျူးပေးသွားပါတယ်။

ကစားသမား နှစ်ဦးကြား အသက် ၁၀ နှစ်ကွာဟပြီး အသက် ၃၃ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ဗန်ဒိုက် နောက်ပိုင်း လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးက ဆာလီဘာဖြစ်လာနိုင်ကြောင်း ထင်မြင်ချက်တွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

‘ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုချိန်မှာကို ဆာလီဘာက အရမ်းကောင်းတဲ့ ပုံစံကောင်းတွေကို လုပ်ပြနေတယ်။ ထိပ်တန်းခံစစ်သမားအဖြစ် ကျနော့ အတွေးထဲ ရောက်လာသူဆိုရင် ဆာလီဘာပဲ ဖြစ်ပါလိမ့်မယ်။

ဆာလီဘာက ကစားပုံ ကျစ်လစ်ပြီး အသင်း ဘောလုံးပိုင်ဆိုင်မှုရှိချိန် သူ အကောင်းဆုံး လုပ်ပြနေတယ်။ ‘ လို့ ဗန်ဒိုက်က ပြောပါတယ်။

ရီယို ဖာဒီနန်က ” ဆာလီဘာက မင်းကို ကိုယ့်ဘာသာ ပြန်ပြီး မြင်ယောင်မိစေသလား? မင်းတို့ ကစားဟန်တွေ ဆင်တယ်လို့ မြင်မိတယ် ” ဆိုပြီး မေးခွန်းထုတ်ခဲ့တယ်။

ဒီမေးခွန်းအတွက်လည်း ဗန်ဒိုက်က ” ကျနော်တို့ ကစားဟန် တူကောင်းတူနိုင်ပါတယ်။ တကယ်တမ်းပြောရရင် ကျနော် သူ့အသက်အရွယ်မှာတုန်းကဆိုရင် အခု သူလုပ်ပြနေသလို အဆင့်အတန်းမျိုးမှာ ရှိမနေခဲ့ပါဘူး ” လို့ ပြောဆိုသွားပါတယ်။