

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ထားသလို ဖလားပေါင်းစုံမှာ စိန်ခေါ်နိုင်ခဲ့ပါတယ်။
ယာဂင်ကလော့ပ် လက်ထက် တစ်ကျော့ပြန် အောင်မြင်ရေးမှာ နည်းပြနဲ့ ကစားသမားတွေအပြင် အန်ဖီးနဲ့ ကမ္ဘာအနှံ့က ပရိသတ်တွေကလည်း အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့တာပါ။
ဒီရာသီ ကလော့ပ် နေရာကို အာနယ် ဆလော့ ဆက်ခံချိန်မှာ ဘယ်သူကမှ လီဗာပူးအသင်း ဖလားစိန်ခေါ်မှုထဲ ပြန်ပါလာမယ် မထင်ကြပေမယ့် အသင်းဟာ နေရာတစ်ခု ရောက်အောင် လုပ်ဆောင်နိုင်နေပါတယ်။
တချို့က လီဗာပူးအသင်းဟာ ဒီရာသီမှာ ဖလားစိန်ခေါ်နိုင်မယ့်လို့ ချီးကျူးနေကြပြီး တချို့ကလည်း ကံကောင်းလို့ ဇယားထိပ်တက်နေတာလို့ ဟားနေကြချိန်မှာပဲ ဝါရင့် လီဗာပူးအသင်းပရိသတ်တွေကတော့ ခရီးရှည်ကြီး သွားရဦးမှာမို့ လက်ရှိ အနေအထားအပေါ် သာယာ ယစ်မှုမနေဘဲ နိမ့်ချနေကြဖို့ သတိပေးလာနေပါပြီ။
၎င်းတို့ရဲ့ သတိပေးချက်ကတော့ ရာသီကုန်မှာ ဘာဖြစ်လာမယ် ဒါမှမဟုတ် ဖလားစိန်ခေါ်နိုင်မယ် ဆိုတာတွေကို မေ့ထားပြီး ယှဉ်ပြိုင်ရမယ့် အနီးကပ် ပွဲစဉ်ကိုပဲ အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ပွဲပဲ ကစားနိုင်တာဖြစ်ကာ အဲ့ထက်ပိုပြီး ရှေ့ကို ကြိုမတွေးကြဖို့ နှိုးဆော်နေကြတယ်။
အရှိတရားအဖြစ် ပြည်တွင်း အမှတ်ပေးဖလားကို အဓိက စိန်ခေါ်မယ့် အသင်းဟာ မန်စီးတီးဆိုတာကို လက်ခံထားဖို့၊ အခြားသော ပြိုင်ဘက်တွေက လီဗာပူးအသင်းဟာ ကံကောင်းလို့ ဇယားထိပ်တက်နေတာလို့ လှောင်ပြောင်လာရင်လည်း တည်ငြိမ်မှုရှိဖို့ဟာ ဒီတလော ဝါရင့်ပရိသတ်တွေရဲ့ သတိပေးချက်တွေထဲ ပါဝင်ထားပါတယ်။
ပွဲစဉ် ၁၀ လောက်ဟာ ဘောလုံးရာသီတစ်ခုကို အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့် မဟုတ်ဘဲ လက်ရှိ အနေအထားအတိုင်း ဒီဇင်ဘာအကုန်ထိ အသင်း ရှေ့ဆက်နိုင်ရေး နောက်ကနေ တွန်းအားပေးဖို့ကသာ ပရိသတ်တွေ လုပ်ဆောင်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။