ဒီယက်ဇ်ကို ဘာကြောင့် နံပါတ် ၉ တိုက်စစ်သမားအဖြစ် ပွဲထုတ်ရလဲ ရှင်းပြသွားတဲ့ အာနယ်

လေဗာကူဆင်နဲ့ပွဲမှာ ဒီယက်ဇ်ဟာ အထောင်တိုက်စစ်က ပွဲထွက်ခဲ့ပြီး ဟက်ထရစ် သွင်းဂိုး သွင်းယူခဲ့ကာ ၄-၀ နိုင်ပွဲအတွက် ကြီးကြီးမားမား ကူညီပေးခဲ့ပါတယ်။

ဂက်ပိုနဲ့ ဒါဝင် ရှိနေပေမယ့် ဒီယက်ဇ်လို ဘယ်တောင်ပံကစားသမားကို အထောင်နေရာသုံးရခြင်းက ပြိုင်ဘက်ရဲ့ လူစာရင်းနဲ့ နည်းစနစ်ကို တွက်ဆပြီး နေရာချခဲ့ခြင်း ဖြစ်ကြောင်း ဆလော့က ရှင်းပြပါတယ်။

အကယ်လို့ နံပါတ် ၉ နေရာကို ဒါဝင်ကို သုံးမယ်ဆိုရင် ပွဲတွေ အများကြီး မကစားထားရတဲ့ ဒါဝင်အတွက် ဝန်ပိုဖြစ်နိုင်သလို ပြိုင်ဘက် ခံစစ်မှူး တက် က အသေကပ်ထားပြီး လီဗာပူးတိုက်စစ်ကို အပြုတ်တိုက်လိမ့်မယ်လို့ ဆလော့က မြင်ပါတယ်။

ဒါကြောင့်ပဲ အတို့အလှုပ်ကောင်းတဲ့ ဒီယက်ဇ်ကို တက် နဲ့ ခပ်ခွာခွာကနေ ပြေးလွှားစေပြီး လေဗာကူဆင် ခံစစ်ကို ပြဿနာတွေများအောင် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီယက်ဇ်ကို အထောင်ထားတဲ့ လူစာရင်းနဲ့ ပတ်သက်လို့ ဆလော့က ရှင်းပြရာမှာ “ ကိစ္စ အချို့ကြောင့်လို့ ပြောရမှာပေါ့။ ဂျိုတာနဲ့ ခီယေဆာတို့ ဒဏ်ရာရနေတော့ ကျနော်တို့မှာ ရွေးချယ်စရာ တိုက်စစ်သမားက ၄ ဦးပဲ ရှိနေတာလေ။

ဒါဝင်ကိုလည်း ရာသီစတုန်းက ပွဲအများကြီး ဆက်တိုက် ပေးမကစားထားတော့ ဖြေးဖြေးချင်းပဲ ပွဲတွေ တိုးပေးကစားနေရတာပေါ့။ ဒါပေမယ့် နောက်ထပ် ပွဲတွေ အများကြီး ရှိနေတာမို့ သူ့ကို တချိန်လုံး ထုတ်သုံးဖို့ မဖြစ်နိုင်ဘူး။

ဒီတော့ အခြေအနေတွေ အားလုံးအရ ဂျာမာန်လိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမား တစ်ဦးဖြစ်တဲ့ တက် ကို ရင်ဆိုင်ဖို့ ဒီယက်ဇ်ကို သုံးရတာပါ။ ဒီယက်ဇ်က ကွင်းလယ်ထိ ပြန်ပြန်ဆင်းပြီး တက် ကို ကျော်ဖြတ်ပြေးဖို့ ကြိုးစားပေးဖို့ပါပဲ။

အသင်းရခဲ့တဲ့ ပထမဂိုးကို ကြည့်လိုက်ရင် ဒီရွေးချယ်မှုက မှန်ကန်ခဲ့ပါတယ်။ ကာတစ်ဂျုံးထံက ပေးချက်ကလည်း သိပ်ကို ကောင်းခဲ့ပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အနာဂတ်မှာတော့ ဒီယက်ဇ်ကို နံပါတ် ၉ သမားအဖြစ် ဆက်သုံးဦးမှာလား မေးခွန်းအတွက်တော့ ရွေးချယ်လို့ရမယ့် လူစာရင်းနဲ့ ကစားကွက် အခြေအနေ၊ ပြိုင်ဘက် အခြေအနေပေါ် မူတည်ပါတယ်လို့ ဆလော့က ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။