

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ လီဗာပူးအသင်းဟာ အနီးကပ်ပြိုင်ဘက် မန်စီးတီးကို ၅ မှတ်ဖြတ်ထားနိုင်ပါပြီ။ လက်တလောမှာ ဒဏ်ရာရ စာရင်းထဲ ထရန့် ပါသွားပေမယ့် နိုင်ငံတကာသီတင်းပတ် ခံသွားတာက အသင်းကို ကံကောင်းခြင်း ဖြစ်စေဖို့ မျှော်လင့်ရင်း ဗီလာပွဲနဲ့ ပတ်သက်လို့ LFCThaDin ဖတ်ရှုသူတွေနဲ့ နည်းနည်း စကားပြောကြည့်ချင်ပါတယ်။
မျက်နှာနှစ်ဖက်နဲ့ ဒါဝင်
ဦးဆောင်ဂိုးရပြီးပြီးချင်း ဒါဝင်ရဲ့ မဆုတ်မနစ် အားထုတ်မှုနဲ့အတူ စစ်မှန်တဲ့ ဒါဝင်ကို မြင်နေရပြီလို့ ချီးကျူးရပေမယ့် မိနစ် အနည်းငယ်အကြာ သူ့ရဲ့ ဂိုးပေါက် လွဲချော်မှုကြောင့် အရင်ဒါဝင် ပြန်ပေါ်လာပြန်ပြီဆိုကာ ပရိသတ်တွေကို စိတ်ဆိုးစေခဲ့ပါတယ်။
ဒါဝင်ဟာ အခုချိန်ထိ အရိုင်းထည်ပုံစံမျိုး ဖြစ်နေပြီး အဆုံးသတ်ပိုင်းတွေမှာ သွေးဆူလွယ်လွန်းနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှု၊ နေရာလွတ်ရှာနိုင်စွမ်းတွေကို ချီးကျူးလို့ရသလို ဆုံးဖြတ်ချက် မှားယွင်းမှု၊ စိတ်မရှည်မှုတွေကိုလည်း ပြစ်တင်လို့ရပါတယ်။
သင်ဟာ ဒါဝင်ကို အကောင်းမြင်တဲ့သူဆိုရင် ချီးကျူးစရာတွေ မနည်းမနော ရှာတွေ့မှာဖြစ်သလို သင်ဟာ ဒါဝင်ကို သဘောမကျဘူးဆိုရင် ရောင်းထုတ်စေချင်လောက်တဲ့ အမှားတွေကို ရှာတွေ့ပါလိမ့်မယ်။
အန်ဖီး
ဒါနဲ့ဆိုရင် ပွဲပြီးတိုင်းမှာ အန်ဖီးအကြောင်း ထည့်ထည့်ပြောတာ ၃ ပွဲဆက်ရှိနေပါပြီ။ ပြောရအောင်လည်း အန်ဖီးကွင်းက လီဗာပူးပရိသတ်တွေဟာ အသင်းကို ဘယ်လို ကူညီရမယ်၊ ပွဲတန်ပိုကို ဘယ်လို ထိန်းကျောင်းပေးရမယ် နားလည်နိုင်စွမ်း မြင့်မားပါတယ်။
မန်စီးတီး ရှုံးထားတာကြောင့် နိုင်မှဖြစ်မယ့် ဒီပွဲမှာ အသင်း ဦးဆောင်ဂိုးရဖို့ နောက်ကွယ်ကနေ တောက်လျှောက် အားပေးကူညီခဲ့သလို ၁-၀ ဖြစ်နေချိန် ပွဲကို အမှားနည်းနည်းဖြင့် ထိန်းကစားနေချိန်မှာလည်း ဆန္ဒမစောဘဲ ပရိသတ်ထုကြီးရဲ့ စိတ်ရှည်စွာ နားလည်နိုင်စွမ်းက အံ့မခန်းပါပဲ။
လက်ရှိ လီဗာပူးကစားသမားတွေထဲမှာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်၊ ရိုဘိုတို့လို ချန်ပီယံပါးဝနေတဲ့ အသင်းသားတွေရှိသလို အခုလို သမ္ဘာပြည့်တဲ့ ပရိသတ်တွေရှိခြင်းဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်မှာ အရှိန်ကောင်းကောင်းဖြင့် ပြေးခွင့်ရနေစေပါတယ်။
ကွင်းလယ်ဒိုင်လူကြီး ဒေးဗစ်ကု
ဒါဝင်ရဲ့ သွင်းဂိုးမတိုင်ခင် ဆာလာကို အက်စတွန်ဗီလာ ကစားသမားတွေ နောက်ကနေ တွန်းမှုဟာ သေချာပေါက် အနီကတ်ဖြစ်ရမှာပါ။ အံ့ဩသင့်စရာအဖြစ် ဒေးဗစ်ကုက အဝါကတ်တောင် မထုတ်ခဲ့ပါဘူး။ လီဗာပူးရဲ့ ကောင်တာတွေမှာ မကြာခဏ ဆိုသလို ဗီလာဘက်က နည်းစနစ်ဖောင်းတွေ လုပ်နေခဲ့ပေမယ့် ကတ် မထုတ်ခဲ့ပြန်ပါဘူး။
လီဗာပူး ပင်နယ်တီပေးရခါနီး ဖြစ်ရပ် နှစ်ခုမှာ ဝတ်ကင်ရဲ့ သိသာတဲ့ ဒိုင်ဗစ်ပစ်မှုကို အဝါကတ် မပြခြင်းက လက်ခံဖို့ ခက်ခဲပေမယ့် ဘရတ်ဒလေ ဖြစ်ရပ်မှာတော့ သူ ပင်နယ်တီ ပေးမယ်ဆိုရင် ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ဒါဟာ စောဒကတက်နေခြင်း မဟုတ်ပါဘူး။ ပွဲတစ်ပွဲမှာ ဖြစ်ခဲ့တာကို ပြန်ခံစားကြည့်ခခြင်းပါပဲ။ ပွဲတစ်ပွဲအပြီးမှာ ဒိုင်ကို ဝေဖန်ခြင်းဟာ ပရိသတ်တွေရဲ့ အလုပ် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒိုင်လူကြီးဘာပဲ ဆုံးဖြတ်ခဲ့ပါစေ ပွဲပြီးရင် ရလဒ်ကို ပြန်မပြင်နိုင်တော့ပါဘူး။ ဒိုင်နဲ့ ပတ်သက်လို့ကတော့ အသင်းနဲ့ နည်းပြတို့ တိုက်ရိုက် ကိုင်တွယ်ရမယ့် ကိစ္စဖြစ်ပါတယ်။
မိုဆာလာ၊ ကိုနတေးနဲ့ ကလယ်ဟာ
ဗီလာပွဲမှာ အသင်းဟာ တစ်ဦးချင်းတွေမှာ ကျစ်လစ်ခဲ့ပါတယ်။ အဲ့ထဲမှာ ဆာလာတို့က တစ်ဦးချင်း အတော်လေး ကောင်းခဲ့ကြတာပါ။ ခံစစ်မှာ ဗန်ဒိုက် ကောင်းပေမယ့် ကိုနတေးရဲ့ တိုးတက်လာမှုကို ပိုပြီး အလေးပေးလိုပါတယ်။ ကိုနတေးဟာ သိသိသာသာကြီးကို လီဗာပူးခံစစ်အတွက် တောက်ပလာနေတာပါ။
အနိုင်ရလဒ်ကတော့ ကလယ်ဟာနဲ့ မိုတို့ စွမ်းဆောင်ပေးခဲ့တာပါပဲ။ လိုအပ်တဲ့ ဂိုးတွေအတွက် ဆာလာက ယူဆောင်ပေးတယ်၊ ထိန်းသိမ်းရမယ့် ဂိုးပေါက်အတွက် ကလယ်ဟာက တာဝန်ယူပေးခဲ့ပါတယ်။
စတင်လာတော့မယ့် ချန်ပီယံ ဖိအား
လီဗာပူးအသင်းသားတွေဖြစ်စေ ပရိသတ်တွေဖြစ်စေ ဘယ်လောက်ပဲ နိမ့်ချထားပါစေ ရှောင်လွဲလို့မရတော့မယ့် ချန်ပီယံဖိအားက ရောက်လာခဲ့ပါပြီ။ ဒီကရှေ့ လီဗာပူးအသင်း ပရီးမီးယားလိဂ်ရနိုင်ကြောင်း ဝိုင်းပြီး စောင့်ကြည့်မှုတွေ ရှိလာတော့မှာကို တားဆီးလို့မရတော့ပါဘူး။
အသင်းတိုင်းကတော့ ချန်ပီယံလောင်းဆိုတဲ့ စောင့်ကြည့်မှုအောက်မှာ မရှိဘဲ လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ချင်ကြပါတယ်။ ဖိအားနည်းခြင်းဟာ ပွဲတွေမှာ ရလဒ်ကောင်းယူဖို့ စိတ်အား လူအားကို ပိုပြီး သက်သာစေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ရှောင်မရတော့ပါဘူး။
ချန်ပီယံဖိအားဟာ အသင်းတိုင်း လိုချင်တဲ့ ဖိအားဆိုပေမယ့် ကိုင်တွယ်မတတ်ရင် ယိုင်သွားတတ်ပါတယ်၊ ကောင်းကောင်းကိုင်တွယ်နိုင်ရင် တွန်းအားဖြစ်စေပါတယ်။ ဒါပေမယ့် အရမ်း စိတ်ပူစရာ မဟုတ်တာက လီဗာပူးပရိသတ်တွေရဲ့ မော်မကြွားတတ်မှုပဲ ဖြစ်ပါမယ်။
ဒါမျိုးကို ဘရန်ဒန် ရော်ဂျာခေတ်တည်းက မြင်ခဲ့ရပါတယ်။ ကလော့ပ် ခေတ်မှာ မြင်ခဲ့ရပါတယ်။ အသင်းပရိသတ်တွေဟာ ပြိုင်ဘက်တွေကို တိုက်ခိုက်ဖို့ လှောင်ပြောင်ဖို့ မီဒီယာထက်မှာ နာမည်ပါဖို့ထက် အသင်းကို တွန်းအားပေးဖို့ပဲ ဦးတည်တတ်ပြီး လီဗာပူးကို အပိုခွန်အားတွေ ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။