

နိုင်ငံတကာသီတင်းပတ်အတွင်း အံ့ဩ တုန်လှုပ်စရာ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပရီးမီးယားလိဂ် ဒိုင်လူကြီး ကွန်တီက လီဗာပူးနဲ့ ကလော့ပ် အပေါ်ထားတဲ့ သူ့ရဲ့ အမုန်းတရားတွေကို ချပြသွားတာပါ။
အဆိုပါဖြစ်ရပ်ဟာ ကွန်တီက သူ့ရဲ့ သူငယ်ချင်းနဲ့ အပျော်တမ်း ဗီဒီယိုကနေ ပြောဆိုမှုက တစ်ဆင့် ပေါက်ကြားလာခဲ့ခြင်းဖြစ်ကာ အခုချိန်မှာတော့ ပရီးမီးယားလိဂ်က ကွန်တီကို ရာထူးကနေ ရပ်နားကာ စုံစမ်းစစ်ဆေးမှု စတင်နေပါပြီ။
ကွန်တီက ဂျာမာန်သား ကလော့ပ်ကို အတော်လေး မုန်းတီးဟန်ရှိပြီး ပုဂ္ဂိုလ်ရေးအရ ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲရေမှုကို တိုက်ရိုက်လုပ်ခဲ့တဲ့အပြင် ဘဝင်မြင့်နေတဲ့သူလို့ ဝေဖန်သွားတာပါ။
ဒါ့အပြင် လီဗာပူးကိုလည်း သူ့ရဲ့ ခါးသီးမှုတွေ ထုတ်ပြခဲ့ပြီး မာဆေးဆိုဒ်သားတွေကို အမုန်းတရားဖြင့် ဆဲဆိုခဲ့တာတွေပါ ပေါက်ကြားလာခြင်းဟာ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ရဲ့ တရားမျှတမှုကို ချက်ခြင်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ ပိုကောင်းတာကတော့ မနှစ်ကရာသီ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ အာဆင်နယ် သရေကျတဲ့ပွဲအတွင်း ဧရိယာထဲမှာ အိုဒီဂတ် လက်ထိမှုကို ပင်နယ်တီပေးဖို့ ငြင်းဆန်တဲ့ဖြစ်ရပ်မှာ VAR ကိုင်တဲ့ ဒိုင်ဟာ ကွန်တီဖြစ်ခဲ့ပါတယ်။
အဲ့မတိုင်ခင် လီဗာပူးနဲ့ မန်စီးတီးတို့ ဖလားပြိုင်လုနေကြပြီး ၁ မှတ်အကွာ ရှိနေကြချိန် ရိုဒရီရဲ့ ပင်နယ်တီပေးရမယ့် ဖြစ်ရပ်ကို ငြင်းဆန်းခဲ့တဲ့ပွဲမှာ VAR ဒိုင်အဖြစ် ကိုင်တွယ်ခဲ့သူလည်း ကွန်တီဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒိုင်အဖွဲ့က သူတို့ မှားယွင်း ဆုံးဖြတ်မိကြောင်း တောင်းပန်ခဲ့ဖူးပါတယ်။
David Coote pic.twitter.com/AhI52sMmpL
— LiverpoolFF (@LiverpoolFF) November 11, 2024
ကွန်တီဟာ ပွဲပေါင်း ၆ ပွဲထက် မနည်းမှာ လီဗာပူးအသင်း ရမှတ်တွေ လျော့ကျစေဖို့ ဒါမှမဟုတ် ပြိုင်ဘက်တွေ အသာရဖို့ကို ရွေးချယ်ဆုံးဖြတ်ပေးခဲ့တဲ့ ဖြစ်ရပ်တွေ ထွက်ပေါ်လာပါတယ်။ လီဗာပူး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အက်စတွန်ဗီလာကို ၂-၀ အနိုင်ရတဲ့ပွဲမှာလည်း ဆာလာကို နောက်ကတွန်းတဲ့ ဘိုင်လေကို ထုတ်ပယ်ခဲ့ခြင်း မရှိပါဘူး။
အင်္ဂလန်ဘောလုံးလောကမှာ မြင်ရခဲတဲ့ ကိစ္စတစ်ခု အဖြစ် ကလပ်နဲ့ နည်းပြကို တိုက်ရိုက် မုန်းတီးစကားဆိုမှုကနေ ဒိုင်လူကြီးကို စစ်ဆေးမှုတွေရှိလာတဲ့ ဒီဖြစ်ရပ်ဟာ အနာဂတ် လိဂ်ပွဲတွေအတွက် အပြောင်းအလဲ တစ်ခုဖြစ်လာဖွယ် ရှိနေပါတယ်။