

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလားကို အခြားအသင်း အောင်မြင်ချိန်တန်ပြီဆိုကာ ဖိအားတွေကို လီဗာပူးထံ စပို့နေပါတယ်။
ဇယားထိပ်မှာရှိနေပြီး လက်ရှိချန်ပီယံကို ၅ မှတ်နဲ့ ၂ ရာသီဆက် ချန်ပီယံစိန်ခေါ်သူတွေကို ၉ မှတ်ထိ ဖြတ်ထားနိုင်ချိန်မှာတော့ အားလုံးက လီဗာပူးကို စောင့်ကြည့် စကားပြောလာနေပါပြီ။
အက်စတွန်ဗီလာပွဲအပြီး ဂွာဒီယိုလာရဲ့ မှတ်ချက်ကို တိုက်ရိုက် တုန့်ပြန်ပေးဖို့ အာနယ်ဆလော့ကို သတင်းထောက်တွေ မေးခွန်းထုတ်ရာမှာတော့ လီဗာပူးနည်းပြက ဖလားအကြောင်း တစ်လုံးမှ မပါဝင်တဲ့ အဖြေကိုပဲ ပါးပါးနပ်နပ် ထုတ်ပေးသွားပါတယ်။
ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး မဟုတ်တဲ့ အခြားသော ကလပ်တစ်သင်းက အောင်မြင်ချိန်တန်နေပြီလား ကိစ္စအတွက် အာနယ် ဆလော့က
“ မန်စီးတီး၊ ချယ်ဆီး၊ အာဆင်နယ်လို အသင်းတွေရှိနေလို့ ဒီလိဂ်မှာ ဘာကိုမှ ပြောလို့ မရသေးပါဘူး။ ဒီအသင်းတွေက ပရီးမီးယားလိဂ်မှာ ကစားနေတာဖြစ်ပြီး ပွဲတွေ အများကြီးကို အနိုင်ယူနိုင်စွမ်း ရှိကြတဲ့ အသင်းတွေပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာလည်း ဒီအသင်းတွေ ဘယ်လို နိုင်ပွဲယူနိုင်သလဲ ကျနော်တို့ မြင်ခဲ့ရပြီးပါပြီ။ ဒီတော့ ကျနော်တို့တွေ ကိုယ့်ဘာသာအပေါ်မှာပဲ အာရုံစိုက်ထားဖို့ လိုပါတယ်။
အက်စတွန်ဗီလာလို ပြီးခဲ့တဲ့နှစ်တွေမှာ ရှယ်ကောင်းလာတဲ့ အသင်းကောင်းတစ်သင်းကို အနိုင်ရလိုက်တာမျိုးဟာ ဘောလုံးရာသီအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ် ” လို့ တုန့်ပြန် ဖြေဆိုပေးသွားတာ ဖြစ်ပါတယ်။