NEWS: နိုင်ငံတကာသီတင်းပတ်မှာ အင်အားဖြည့်မှုတွေ ဆက်လုပ်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် ထွက်ခွာအပြီး နည်းပြအဖွဲ့နေရာမှာ အာနယ် ဆလော့နဲ့ အပေါင်းအပါတွေကို ပြောင်းလဲထားခဲ့တာ ကာလတစ်ခု ရှိလာပေမယ့် လူဖြည့်တင်းမှုတွေ ဆက်လုပ်နေဆဲပါ။

ဒီရာသီမှာ လီဗာပူးအသင်း ကြီးကြီးမားမား ပြောင်းလဲနေတဲ့ ဌာန ၂ ရပ်ကတော့ ကြံ့ခိုင်ရေးဆိုင်ရာ ဌာနနဲ့ analyst ရေးရာဌာနတွေပဲ ဖြစ်ပါတယ်။

ဒီအပတ်မှာပဲ လီဗာပူးအသင်းဟာ အိုင်ရင် ရူဘီအသင်းမှ ကြံ့ခိုင်ရေးမှူးဖြစ်သူ David Breen ကို စီနီယာအသင်းအတွက် ခေါ်ယူလိုက်ပါတယ်။ ၎င်းဟာ မန်စီးတီးအသင်းမှာလည်း အလုပ်လုပ်ခဲ့ဖူးသူ တစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းဘက်က ဆလော့ကို နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးဖို့ရာ analyst သမား ထပ်ခေါ်သွားဖို့လည်း ရှိနေပါတယ်။

ဒီအပတ်မှာပဲ ဖီယင်နုအသင်းရဲ့ analyst သမား Etienne Reijnen ဟာ နယ်သာလန်ကလပ်ကနေ နှုတ်ထွက်သွားခဲ့ပါပြီ။ ၎င်းဟာ ရာသီကြိုတည်းက ဆလော့နဲ့အတူ လီဗာပူးထံ ရောက်လာဖို့ သတင်းကြီးပေမယ့် work permit ကြောင့် ရောက်မလာခဲ့တာပါ။

သူ့ရဲ့ အလုပ်ပါမစ်ကို ဖြေရှင်းပေးပြီးခဲ့ရင် လီဗာပူးနည်းပြအဖွဲ့ထဲ Van der Ham လည်း ပါဝင်လာဖို့ ရှိနေပါတယ်။ ၎င်းဟာ ဗီဒီယို analyst ဖြစ်ပြီး ဆလော့ လက်ထက် အင်အားကြီးလာတဲ့ analyst ဌာနထဲ ပါဝင်သွားဖို့ နီးစပ်နေပါတယ်။

လီဗာပူးအသင်းဟာ နောက်ထပ် လိုအပ်နေတဲ့ တည်ကန်ဘောနည်းပြ (set-piece coach) ကိုတော့ အားဖြည့်သွားမှာ မဟုတ်ပါဘူး။ ရာသီကြိုတုန်းက အသင်းကို ရောက်လာတဲ့ ပထမအသင်း တစ်ဦးချင်းဆိုင်ရာ တိုးတက်ရေးနည်းပြ Aaron Briggs က တည်ကန်ဘောနည်းပြ ရာထူးကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။