နည်းပြအာနယ် ဆလော့ လက်ထက်မှာ ရမ်းကစ်တွေ ဖျောက်ပြီး ကစားဟန် ချိန်းလာရတဲ့ ဆိုဘို

ဒီရာသီမှာ ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးတွေ ကျဆင်းခြင်းအတွက် ပရိသတ်တွေ သဘောမကျဖြစ်နေပေမယ့် ကွင်းလယ်လူဟာ သူ့စိတ်ကြိုက် ပုံစံ မကစားဘဲ အသင်းအတွက် ကစားဟန် ချိန်းလာရသူဖြစ်တယ်ဆိုတဲ့ စိတ်ဝင်စားဖွယ် ထောက်ပြချက် တစ်ခု ထွက်လာနေပါတယ်။

အသင်းပရိသတ်တွေ သိကြတဲ့အတိုင်း ဆိုဘိုဟာ ပေါက်ကွဲအားကောင်းကောင်း ကစားတတ်သူဖြစ်ပြီး မနှစ်ကရာသီ အသင်းကို ရောက်စမှာ သူ့ရဲ့ ကြောက်ဖွယ်ကစားအား၊ တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်စွမ်းတွေကြောင့်ပဲ အားလုံးရဲ့ သဘောကျမှုကို ပိုင်ဆိုင်ခဲ့သူပါ။

မနှစ်ကရာသီ ရာသီဝက်မှာ ဒဏ်ရာရတဲ့နောက် ကစားပုံ အနည်းငယ် ကျဆင်းသွားတဲ့ ဆိုဘိုဟာ နည်းပြသစ် အာနယ် ဆလော့ လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် ရနေပေမယ့် သွင်းဂိုးနဲ့ အခွင့်အရေး ဖန်တီးပေးနိုင်စွမ်း နည်းပါးခြင်းကြောင့် ဝေဖန်ခံရမှုတွေ ရှိလာနေသူဖြစ်ပါတယ်။

လီဗာပူးအသင်းက ဇယားထိပ်မှာ ရပ်တည်နေပြီး မန်စီးတီးကို ၅ မှတ်ဖြတ်ထားနိုင်ပေမယ့် ဆိုဘိုအပေါ် ဘဝင်မကျတဲ့ ပရိသတ်တွေ အများကြီး ရှိထားပါတယ်။

ဆိုဘိုဟာ သူ့ရဲ့ အဝေးကန်ချက်တွေ၊ တိုက်စစ်လိုက်ပါနှုန်း မြင့်မားမှုတွေနဲ့အတူ ပရိသတ်တွရဲ့ သဘောကျခြင်းကိုရခဲ့သူပါ။ ဒီရာသီမှာ အဲ့လို လုပ်နိုင်စွမ်း နည်းလာကာ လက်တလောမှာဆိုရင် ကာတစ်ဂျုံးကို ပွဲထွက်ခွင့်တွေ ပြန်ခွဲပေးနေရပြီဖြစ်ပါတယ်။

အာနယ် ဆလော့ ကိုယ်တိုင်က ဆိုဘိုထံကနေ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ တောင်းဆိုထားပေမယ့် ဟန်ဂေရီသားရဲ့ အချက်အလက်တွေမှာတော့ အဝေးကန်ချက်ကအစ ဂိုးပေါက် ခြိမ်းခြောက်မှုတွေပါ ကျဆင်းသွားတာကို မြင်လာရပါတယ် (တစ်သင်းလုံးရဲ့ အဝေးကန်ချက်တွေပါ ကျဆင်းပါတယ်) ။

ဆိုဘို ကိုယ်တိုင်ကတော့ သွင်းဂိုးတွေအတွက် သူ တာဝန်ယူရမယ်ဆိုတာ နားလည်ထားကြောင်း၊ ပိုကောင်းကောင်းလည်း ကစားနိုင်စွမ်းရှိကြောင်း ဆိုထားပြီး လက်ရှိမှာ အသင်းအတွက် ‘dirty job’ တွေအပြင် အခြားသော အပိုင်းတွေကို ပိုမို တာဝန်ယူလာရတာကြောင့် ဂိုးတွေ နည်းပါးနေတာပါလို့ တုန့်ပြန်ထားပါတယ်။

ဆိုဘိုထံက ထူးချွန်ပြီး အကွက်မြင်တဲ့ လှုပ်ရှားမှုတွေ ပိုမိုမြင်တွေ့လာရမယ်ဆိုရင် သူ့အပေါ် ကျရောက်နေတဲ့ ဝေဖန်မှုတွေ အားပျော့လာမယ် ယုံကြည်ရတာ ဖြစ်ပါတယ်။