

အင်္ဂလန်သား တိုက်စစ်မှူးဟောင်း ထရွိုင် ဒီနီကတော့ မိုဆာလာဟာ ကမ္ဘာ့အဆင့် တိုက်စစ်သမားတစ်ယောက် မဟုတ်ဘူးလို့ TalkSports ကနေ ထုတ်ပြောလာပါတယ်။
လက်ရှိ အင်္ဂလန်အပျော်တန်းလိဂ်မှာ ကစားသမား-နည်းပြ တာဝန်ကို ပူးတွဲရယူထားတဲ့ ဒီနီဟာ ဆာလာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးသူပါ။ သူဟာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို အတော်လေး အထင်ကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်။
အခြားတိုက်စစ်သမား တစ်ဦးဦးကို ပိုကြိုက်တာက ပြဿနာ မရှိပေမယ့် ပရီးမီးယားလိဂ်မှာ နှစ်တိုင်း ဂိုးသွင်းပြနေသူ၊ လိဂ်ရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ၁၀ ဦးထဲ ပါသူတစ်ဦးအပေါ် သူပေးတဲ့ မှတ်ချက်က လက်ခံစရာမရှိပါဘူး။
ဒီနီကပဲ “ ဆာလာက သိပ်ကောင်းတဲ့ ကစားသမားဆိုတာကို ကျနော် မငြင်းဘူး။ ဒါပေမယ့် ကမ္ဘာ့အဆင့် ကစားသမားလို့တော့ ကျနော် မထင်ပါဘူး။ အဲ့လိုလည်း ဘယ်တုန်းကမှ မမြင်မိပါဘူး။
အကယ်လို့ ကျနော် ကလေးတွေသာ တိုက်စစ်သမားကောင်းတွေ ဖြစ်ချင်ကြတယ်ဆိုရင် သူတို့ကို ဆာလာ ကစားတာ ကြည့်ဖို့ထက် ဗင်နီးဆီးယက်စ် ကစားတာကိုပဲ ကြည့်ဖို့ အကြံပေးမိပါလိမ့်မယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။