NEWS: ဗန်ဒိုက်ကို လီဗာပူးထံ ပြန်ခွင့်ပြုလိုက်တဲ့ နယ်သာလန်လက်ရွေးစင်အသင်း

နိုင်ငံတကာသီတင်းပတ် ၂ ခုဆက်တိုက်အဖြစ် ဗန်ဒိုက်ဟာ နယ်သာလန်အသင်းရဲ့ ဒုတိယမြောက် ခြေစမ်းပွဲနဲ့အတူ ဆက်လက် လိုက်ပါသွားမှာ မဟုတ်ဘဲ လီဗာပူးအသင်းထံ ပြန်လာပါတော့မယ်။

ဒါဟာ ဒဏ်ရာကြောင့် မဟုတ်ဘဲ ဒီရာသီမှာ ကလပ်နဲ့ လက်ရွေးစင်အတွက် ဆက်တိုက် ပွဲထွက်ပေးနေတဲ့ လီဗာပူးအသင်းခေါင်းဆောင်ကို နားခွင့်ရဖို့ နယ်သာလန်ဘက်က စီစဉ်ပေးခြင်းဖြစ်ပါတယ်။

ဘော့စနီးယားနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲ လူစာရင်းကနေ ဗန်ဒိုက် ထွက်ခွာမယ့်အကြောင်း နည်းပြကိုးမန်းက အတည်ပြုပါတယ်။ ဆုံးဖြတ်ချက်ကို ဆေးအဖွဲ့ကနေ ပြုလုပ်ပေးခဲ့တာလို့လည်း သူက ထုတ်ပြောသွားခဲ့တယ်။

ဟန်ဂေရီကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ မိနစ် ၉၀ အပြည့် ကစားခဲ့တဲ့ ဗန်ဒိုက်ဟာ လက်ရှိရာသီအတွင်း ပွဲချိန် ၁၆၉၉ မိနစ် ကစားထားပြီဖြစ်ပါတယ်။ အခုလို အနားရလိုက်တာကြောင့် သူဟာ နိုင်ငံတကာသီတင်းပတ်အပြီး ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲအတွက် ခံစစ်မှူးကြီးက အင်ပြည့်အားပြည့်ဖြစ်နေဖို့ ရှိပါတယ်။

ကွင်းလယ်လူ ဂရာဗင်ဘက်ချ်နဲ့ တိုက်စစ်မှူး ဂက်ပိုတို့ကတော့ လက်ရွေးစင်အသင်းနဲ့ ဆက်လက် ပူးပေါင်းမှာဖြစ်ကာ ဒီကြားရက်ပွဲကို ပါဝင်ကစားသွားကြဖွယ် ရှိနေပါတယ်။