

ဆောက်သမ်တန်ကို ဆာလာရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေဖြင့် အနိုင်ရအပြီး LFCThaDin ဖတ်ရှုသူတွေနဲ့အတူ စကားစမြည်း ပြောစရာလေးတွေ လုပ်ချင်ပါတယ်။
ကံကောင်းခဲ့တဲ့ ဆောက်သမ်တန်
ဒီပွဲမှာ ဆောက်သမ်တန် ဂိုးသမား အတော်လေး ကောင်းခဲ့သလို စိန့်ဘက်က နောက်ထပ် ကံကောင်းတဲ့အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ တစ်ခုက လယ်လာနာဟာ ပြင်းထန်စွာနာကျင်စေမှုကြောင့် အနီကဒ် ပြမခံရခြင်းနဲ့ ဧရိယာထိပ်က ပြစ်ဒဏ်ဘောကို ပင်နယ်တီ ပေးခဲ့ခြင်းပါ။
ရိုဘိုရဲ့ အမှားဟာ မဖြစ်သင့်တဲ့ ဧရိယာမှာ လုပ်ခဲ့တာဖြစ်လို့ ပင်နယ်တီ ပေးရရင်လည်း ထိုက်တန်ပေမယ့် လယ်လာနာ အဝင်ကြမ်းခဲ့တာကတော့ တိုက်ရိုက်အနီ ပေးသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကနေ ဂရာဗင်ဘက်ချ် မနာသွားတာကပဲ အသင်းအတွက် ကျေနပ်စရာဖြစ်နေပါပြီ။
ဆာလာရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်း
ကမ္ဘာ့အဆင့် ခြေစွမ်းဆိုတာကို ဘယ်လို ခံယူကြလဲတော့ လူအပေါ်မူတည်ပါလိမ့်မယ်။ ဒီနေးကတော့ သူ့အတွက် ဆာလာက ကမ္ဘာ့အဆင့် မဟုတ်ပါဘူးတဲ့။ ဒီစကားကို လီဗာပူးပရိသတ်တိုင်းက ဟားတိုက်ပါလိမ့်မယ်။
ဆောက်သမ်တန်ပွဲမှာ တစ်ပိုင်းလုံး ပျောက်ထွက်နေတဲ့ မိုဆာလာဟာ အသင်း နိုင်ဖို့ လိုအပ်နေချိန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဘာမှ မဟုတ်တဲ့ အခြေအနေကနေ တစ်ခုခုကို ဖန်တီးပြနိုင်တဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေရဲ့ လုပ်ပြနိုင်စွမ်းကို မိုဆာလာက ပြသသွားခဲ့ပါတယ်။
အခုဆိုရင် ဆာလာကို စာချုပ်သစ် မပေးဘဲ အလွတ်ဖြင့်ထွက်ခွင့်ပေးဖို့၊ သူ့နေရာမှာ ပိုငယ်တဲ့ ကစားသမားတစ်ဦးကို အားဖြည့်ဖို့ ထောက်ပြနေသူ တစ်ဦးမှ မရှိဘဲ လီဗာပူးပရိသတ် အားလုံးက ဆာလာ စာချုပ်သစ်ရပါစေလို့ ဆုတောင်းနေကြပါပြီ။
လျော့ရဲတဲ့ ကစားဟန်
LFCThaDin ဖတ်ရှုသူတွေဆိုရင် သိပါလိမ့်မယ်။ ဒီအကြောင်းကို ကျနော်တို့ အခေါက်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ ကလပ်တစ်သင်းအတွက် အခက်ဆုံး ကာလဟာ လက်ရွေးစင်တွေက ပြန်လာတဲ့ ပထမဆုံးပွဲပဲဖြစ်ပါတယ်။
ပွဲပန်းမှုကို အသာထားဦး နိုင်ငံတကာပွဲတွေအတွက် မတူညီတဲ့အသင်းတွေမှာ မတူညီတဲ့ကစားဟန်၊ အသင်းဖော်တွေနဲ့ လေ့ကျင့်အပြီး ကလပ်ကို ပြန်လာချိန် ပြန်လည်စုဖွဲ့ခြင်းဟာ ဟန်ချက်ညီမှု ပြန်ရဖို့ အခက်ခဲဆုံးကာလပဲဖြစ်ပါတယ်။ ဒါကို ဆောက်သမ်တန်ပွဲမှာ မြင်ခဲ့ရပါတယ်။
လီဗာပူးခံစစ်နဲ့ ကွင်းလယ် ချိတ်ဆက်မှုဟာ အားနည်းချက်တွေများနေသလို ဘရတ်ဒလေ ပါလာတဲ့ ခံစစ်တန်းကလည်း အချင်းချင်း နားလည်မှုတွေ လိုအပ်နေခဲ့ပါတယ်။ ဂရာဗင်ဘက်ချ်ကို နံပါတ် ၆ နေရာမှာ တစ်ဦးတည်း ချန်ခဲ့ချိန် ကွင်းလယ် နေရာလွတ် အကျယ်ကြီးဖြစ်သွားတာမျိုးလည်း မကြာခဏ မြင်ခဲ့ရပြီး ဒါဟာ ချက်ခြင်း ပြန်တိုးတက်လာရမယ့် အရေးကြီးကိစ္စဖြစ်ပါတယ်။
ဘယ်အစွန်လူ ပြဿနာ
ဒီရာသီ လီဗာပူးရဲ့ ပွဲထွက် ၁၁ ဦးမှာ ပြဿနာ အရှိဆုံးက ဘယ်အစွန်လူဖြစ်ပါတယ်။ ရိုဘိုဟာ အသင်းနဲ့အတူ များစွာ အောင်မြင်ခဲ့သူဖြစ်သလို သူ့အပေါ် လေးစားမှုလည်း ရှိပေမယ့် ဘယ်ခြမ်းမှာ ပြဿနာတွေရှိနေတာတော့ ဖုံးကွယ်ထားလို့ မရပါဘူး။
ဘယ်ခြမ်းထွက်ကစားနိုင်တဲ့ ခံစစ်မှူးတစ်ဦးဆိုရင် အသင်းရဲ့ ကစားဟန်က ပိုမို တည်ငြိမ်မယ်လို့ မြင်ပေမယ့် လက်တလော စျေးကွက်ထဲမှာတော့ လီဗာပူးအသင်းက ဘယ်အစွန်လူကိုပဲ ရှာနေတာဖြစ်လို့ အာနယ် ဆလော့တို့ရဲ့ ပလန်က ဘာလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
ချန်ပီယံလိဂ်ပြန်လာပေမယ့် စီးတီးပွဲကိုပဲ ဦးစားပေးလိုတယ်
ချန်ပီယံလိဂ်ဆိုတာ အသင်းတိုင်း ဦးစားပေးရတဲ့ ပြိုင်ပွဲပါ။ ဒါပေမယ့် လက်ရှိအခြေအနေမှာ လီဗာပူးအတွက်က ရီးရဲလ်နဲ့ပွဲထက် မန်စီးတီးပွဲ ရလဒ်ကောင်းဖို့ကပဲ ပိုပြီး အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ၄ ပွဲကစား ၁၂ မှတ်ရထားပြီး နောက်တစ်ဆင့် တက်နိုင်ဖို့ အခြေအနေ ကောင်းနေဆဲပါ။ မန်စီးတီးပွဲမှာတော့ လက်ရှိ ချန်ပီယံတွေကို အနိုင်ယူနိုင်ရင် ဂွာဒီယိုလာရဲ့ အသင်းကို ၁၁ မှတ်ထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။