ဆာလဟာ မ-လုပ်သင့်တဲ့ အချိန်မှာ မ-ပြော-သင့်-တာတွေပြောပြီး အသင်းကို ဆွဲ-ချ-ကြောင်း ဝေဖန်လာကြခြင်း

လီဗာပူးအသင်းရဲ့ အရေးကြီးပွဲစဉ်တွေလာမယ့် အခိုက်အတန့်ကြီးရောက်မှ စာချုပ်ကိစ္စဖြင့် အသင်းတွင်း မငြိမ်မသက်ဖြစ်စေတဲ့ ဆာလာကို တစ်ကိုယ်ကောင်းမဆန်ဖို့ ကာရေဂါက စကိုင်းစပေါ့ကနေ သတိပေးပါတယ်။

နွေမှာ သက်တမ်းကုန်မယ့် ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ကို စာချုပ်သစ် သက်တမ်း တိုးနိုင်ခြင်း မရှိကတည်းက တစ်ရက်မှာ ဒီလိုကိစ္စတွေဖြစ်လာနိုင်မယ် ကြိုတွက်ခဲ့ကြကာ အချိန်အခါကောင်းမှ ထဖြစ်လာခဲ့ပါတယ်။

ဆာလာရဲ့ အင်တာဗျူးဟာ တမင်ကို ရည်ရွယ်ချက်ပါပါ ဖွသွားတာလို့ ကာရေဂါက ယုံကြည်ပြီး အီဂျစ်သားဟာ လီဗာပူးမှာ ကစားတဲ့ ၇ နှစ်လုံးလုံး ဒေသခံ သတင်းထောက်တွေနဲ့ အင်တာဗျူး စကားပြောပေးတာ အခုတစ်ကြိမ်ပါမှ ၃ ကြိမ်ပဲ ရှိဖူးတာဖြစ်ပါတယ်။

ကာရေဂါက ‘ သူတို့ကြား ဆွေးနွေးမှုတွေရှိပါတယ်။ အခုချိန်မှာ တကယ်တမ်း ကြီးကြီးမားမား ခြားနားနေတာက တန်ဖိုးဖြတ်မှု အပိုင်းမှာပါပဲ။ ဆာလာနဲ့ အေးဂျင့်ဖြစ်က သူတို့ တန်ဖိုးကို မြင့်မြင့်ထားပြီး ကာလရှည် သက်တမ်းတိုး စာချုပ်ရလိုတယ်။ လီဗာပူးဘယ်လို လုပ်မလဲ စောင့်ကြည့်နေကြတာပါ။

သူတို့ကြား ဆွေးနွေးနေမှုက လမ်းတစ်ဝက်လောက် ရောက်နေပါပြီ။ ဒါပေမယ့် အရေးပါတဲ့ အခိုက်အတန့်မှာ အခုလို အင်တာဗျူးမျိုး ထပြောတာအတွက်တော့ မိုဆာလာကို ကျနော် စိတ်ပျက်မိပါတယ်။

လီဗာပူးက ကြားရက်မှာ ရီးရဲလ်မက်ဒရစ်၊ ပိတ်ရက်မှာ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါက အခုချိန်မှာ လီဗာပူးအတွက် အရေးအကြီးဆုံး ကိစ္စဖြစ်ပါတယ်။

မိုဆာလာက သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၇ နှစ်အတွင်း ဒေသခံ သတင်းထောက်တွေရှိတဲ့ mixed zone မှာ အင်တာဗျူး ၂ ကြိမ်ပဲဖြေခဲ့ဖူးတယ်။ ဆောက်သမ်တန်ပွဲအပြီးမှာတော့ တတိယအကြိမ် ဖြေဆိုမှုလုပ်ရာမှာ ဒီလိုတွေ ပြောသွားတော့တာပါပဲ။

အကယ်လို့ မိုဆာလာက စာချုပ်အကြောင်းပဲ ဆက်ပြောနေမယ်။ သူ့ရဲ့ အေးဂျင့်ကလည်း ဒီအကြောင်းကိုပဲ ဆက်ပြီး ပိုစ့်တင်နေမယ်ဆိုရင် သူတို့ တစ်ကိုယ်ကောင်းဆန်တာပါပဲ။ သူတို့တွေက ကိုယ့်အတွက်ပဲ စဉ်းစားပြီး ကလပ်ဘက် ပြန်မကြည့်ပေးကြတာပါ ‘ လို့ ဆိုသွားခဲ့ပါတယ်။

လောလောဆယ် ဆာလာရဲ့ ထုတ်ပြောမှုကို လီဗာပူး သတင်းထောက် အများအပြားက ဝေဖန်နေကြပြီး အသင်းနဲ့ ပရိသတ်တွေ အရှိန်တင်ရမယ့် အချိန်မှ စိတ်ဓါတ်ပိုင်းကို ဆွဲချစေတဲ့ အင်တာဗျူးလို့ တုန့်ပြန်မှုတွေ ရှိနေတာဖြစ်ပါတယ်။