

နည်းပြဆလော့က သူနဲ့ မိုက်ကယ်အတ်ဝပ်၊ ရစ်ချက်ဟုချ်တို့လို လီဗာပူး တာဝန်ရှိသူတွေကြားမှာ အနာဂတ်အတွက် ဆွေးနွေးစကားပြောမှုတွေ ပုံမှန် လုပ်ဖြစ်တယ်လို့ ပြောလာပါတယ်။
လီဗာပူးအသင်းဟာ ရာသီစက ခီယေဆာ တစ်ဦးတည်းကို ခေါ်ယူထားခဲ့ပြီး အခြားသော လိုအပ်တဲ့ ဧရိယာတွေကို အားဖြည့်မှု မလုပ်ခဲ့တဲ့ အသင်းတစ်သင်းပါ။ ဇန်နဝါရီမှာတော့ အားနည်းနေတဲ့ ခံစစ်နဲ့ ကွင်းလယ်ခံစစ်နေရာတွေကို လူသစ် ခေါ်ယူမလား စောင့်ကြည့်မှုတွေ ရှိနေပါတယ်။
အပြောင်းအရွှေ့မှာ လူသစ်ခေါ်မလား မေးခွန်းထုတ်မှုအတွက် အာနယ် ဆလော့က “ အပြောင်းအရွှေ့ နီးလာချိန်မှ မဟုတ်ဘဲ နေ့တိုင်းမှာ ကျနော်တို့ကြား ဆွေးနွေးမှုရှိပါတယ်။ အသင်းနဲ့ပတ်သက်ပြီး ကျနော်တို့ အမြဲတမ်း ဆွေးနွေးပါတယ်။ ဘယ်ကစားသမားကို သဘောကျတယ်။ ဘယ်သူကတော့ နောက်အဆင့်ကို ရောက်ဖို့ လိုသေးတယ် ဆိုတာမျိုးပေါ့။
ရာသီစတည်းက အသင်းလူစာရင်းကို ကျနော် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါက စျေးကွက်ထဲမှာ လူသစ်မရလို့ ပြောခဲ့တာမျိုး မဟုတ်ပါဘူး။ လက်တလောမှာ ခံစစ်မှူး ၃ ဦးပဲ ရှိတာက စိတ်ပူစရာကောင်းပါတယ်။ ဒါပေမယ့် ကောင်းတာက စျေးကွက်ဖွင့်ချိန်မှာ ခံစစ်သမားတွေ အားလုံး ပြန်သက်သာလာမှာပါ။
ဒီအသင်းက လိုအပ်မယ့်အရာတွေကို အမြဲတမ်း ဂရုစိုက်နေတာပါ။ ဒါကြောင့်ပဲ မာမာဒီရှီဗီလီလို ဂိုးသမားမျိုးကို ကြိုပြီး ခေါ်ယူထားတာပေါ့။ သူ့ကို ခေါ်ယူခွင့်က အခွင့်အရေးလို့ ကျနော်တို့ ခံစားမိခဲ့တယ်။
ရစ်ချက်ဟုချ်နဲ့ မိုက်ကယ်အတ်ဝပ်တို့က အသင်းအတွက် ဘာတွေလုပ်ပေးရမယ်ဆိုတာ သိပါတယ်။ ကျနော်တို့ကတော့ နယူးကာဆယ်၊ အဲဗာတန်တို့နဲ့တကွ ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၉ ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။
ပုံမှန်အားဖြင့် လူစာရင်း အခြေအနေ၊ ဘာတွေကို မျှော်လင့်ထားတယ်၊ ဘယ်လို အပြောင်းအလဲ လုပ်နိုင်မလဲ စျေးကွက်ကနေ ဘာတွေ မျှော်လင့်လို့ရမလဲ ဒါတွေ အားလုံးကို ဆွေးနွေးစကားပြောဖြစ်နေပါတယ် ” လို့ ထုတ်ပြောသွားတာပဲ ဖြစ်ပါတယ်။