NEWS: ဒီဇင်ဘာမှာ ဖန်တီးမှုအသစ်နဲ့ အကွက်သစ် ထုတ်နိုင်ကြောင်း အရိပ်အမြွက် ပြောလာတဲ့ အာနယ် ဆလော့

လီဗာပူးခံစစ်ဟာ ဒဏ်ရာ ပြဿနာတွေ များလာနေပြီး လက်ရှိမှာ ထရန့်၊ ကွမ်းဆက်၊ ဂိုးမက်စ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ ၅ ဦးပဲ ကျန်ရှိတော့တာပါ။

အစွန်သမား ၂ ဦး ဗဟိုခံစစ်မှူး ၃ ဦးပဲ ရှိတော့တာကြောင့် နည်းပြဆလော့က အန်ဒို၊ ကာတစ်ဂျုံးနဲ့ ဆိုဘိုစလိုင်တို့လို ကွင်းလယ်လူတွေကို ခံစစ်ကြောင်းမှာ သုံးဖို့ စဉ်းစားနေပါတယ်။

ခံစစ်သမား ပြတ်လှပ်မှုကို ဖြေရှင်းရေး သူ့မှာ အိုင်ဒီယာတွေရှိပေမယ့် ရလဒ်ကောင်း ယူနိုင်တဲ့ထိ အလုပ်ဖြစ်ဖို့လည်း လိုကြောင်းကို အာနယ် ဆလော့က

“ တိုက်စစ်နဲ့ ကွင်းလယ်မှာပါ နောက်ထပ် ဒဏ်ရာ ပြဿနာရှိလာရင် ကျနော်တို့အတွက် စိုးရိမ်စရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီလထဲ ၉ ပွဲထိ ကစားရမှာပါ။ ဒီတစ်လလုံး ခံစစ်သမား ၅ ယောက်တည်းနဲ့ သွားဖို့ မမျှော်လင့်ထားပေမယ့် ဘောလုံးရာသီမှာက ဒါမျိုး ဖြစ်လာတတ်ပါတယ်။

အသင်းသားတွေကို ယုံပါတယ်။ သူတို့ကလည်း ရာနှုန်းပြည့် ကြံ့ခိုင်နေဖို့ အစွမ်းကုန် အားထုတ်ပေးနေတာပါ။ ဒီတစ်လလုံး သူတို့ကို ကျန်းကျန်းမာမာ သုံးနိုင်ဖို့ ကျနော်တို့ စမတ်ကျတဲ့ အကြံအချို့ ထုတ်ရပါမယ်။

လူတွေကတော့ ရလဒ်အပေါ် မူတည်ပြီး စမတ်ကျမကျ ဆုံးဖြတ်တတ်ကြတာပေါ့။ ကျနော်တို့ နောက်ထပ် ဖန်တီးမှုတွေ လုပ်ရပါမယ်။

မန်စီးတီးပွဲမှာ ဒဏ်ရာကနေ သက်သာလာစ ထရန့်ကို မိနစ် ၉၀ အပြည့် ထုတ်သုံးဖို့က သင့်လျော်တယ်လို့ မထင်ခဲ့ဘူး။ နယူးကာဆယ်ပွဲမှာကော အဲဗာတန်ပွဲမှာကော ထရန့် ပွဲချိန်ပြည့် မကစားရတာမျိုး ဖြစ်လာလိမ့်မယ်။

ကွမ်းဆက်ကို ညာအစွန်မှာ သုံးတာက အသစ်ဖန်တီးတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူက အဲ့နေရာမှာ ကစားနေကျပါပဲ။ ဒါပေမယ့် သူ ဗဟိုခံစစ်မှူးနေရာ ပြန်ဝင်ကစားပြီဆိုရင် ကျနော်တို့ ဖန်တီးမှုအသစ်တွေ ရှာရတော့မယ်။

အလုပ်ဖြစ်ခဲ့ရင် လူတွေက စမတ်ကျတဲ့ ဖန်တီးမှုလို့ ပြောကြမှာဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ရင်တော့ ကျနော် လုပ်သမျှထဲ အပိန်းဆုံး လုပ်ရပ်လို့ ဝေဖန်ကြပါလိမ့်မယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။