မိုဆာလာရဲ့ အသက်အရွယ်၊ ကြံ့ခိုင်မှုအပေါ် လီဗာပူးအသင်းရဲ့ သဘောထား ထွက်ပေါ်

လီဗာပူးအသင်းဟာ မိုဆာလာရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ် ပြုပေမယ့်လို့ ၃၃ နှစ် နီးကပ်လာတဲ့ ကစားသမားကို ကာလရှည် သက်တမ်းတိုးဖို့တော့ တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။

ရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ်ကုန်တော့မယ့် မိုဆာလာဟာ လက်ရှိမှာ ကလပ် စံချိန်တင် လုပ်ခမျိုး ရရှိနေသူပါ။ သူ့ရဲ့ စာချုပ်သစ်မှာလည်း တူညီတဲ့ လုပ်ခမျိုးကိုပဲ ကလပ်ဘက်က ပေးသွားဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ကစားသမားဘက်က ကာလရှည် စာချုပ်မျိုး လိုချင်နေပြီး လီဗာပူးဘက်က ကစားသမားကို ၂ နှစ်စာချုပ်ပေးခဲ့ရင်တော့ စာချုပ်ကုန်ရင် အသက် ၃၅ နှစ်အရွယ် ရှိနေမှာ ဖြစ်ပါတယ်။

ဆာလာက မကြာခင် ကျလာတော့မှာဖြစ်ပေမယ့် လက်တလော သန်သေးသလို စွမ်းဆောင်ရည် ကောင်းနေသေးပြီး သူ့အသက်အရွယ်မှာ ရှိသင့်တာထက် ပိုလုပ်ပြနိုင်သေးကြောင်း လီဗာပူးဘက်က မှန်းဆထားပါတယ်။

ဒီအကြောင်းကို James Pearce ကပဲ “ ဇွန်လ အသက် ၃၃ နှစ်ပြည့် မွေးနေ့ နီးကပ်လာခဲ့ရင် ဆာလာက ပိုပြီး နှေးကွေးလာတော့မှာပါ။ ဒါပေမယ့် သူက လီဗာပူးတိုက်စစ်ရဲ့ အဓိကလူ ဖြစ်နေဆဲပါ။ ဂိုးသွင်းနိုင်စွမ်းလည်း သိသိသာသာ ရှိနေဆဲပါပဲ။

နွေတုန်းက ခါဘီကို ပြန်ရောက်လာပြီး ကြံ့ခိုင်မှု စစ်ဆေးကြည့်တော့ မိုရဲ့ လုပ်ရည်ကိုင်ရည်က သူ့ရှိရင်းစွဲအသက်ထက် ၁၅ နှစ်လောက်တောင် ပိုငယ်နေတယ်လို့ လီဗာပူး ပထမအသင်း ကြံ့ခိုင်ရေး နည်းပြက မှန်းဆခဲ့ပါသေးတယ်။ ” လို့ ဖော်ပြလာခဲ့ပါတယ်။

မိုဆာလာဟာ လီဗာပူးနဲ့ ၁ နှစ် သက်တမ်းတိုးနိုင်ကြောင်း သတင်းတွေ ထွက်နေပြီး ညိနှိုင်းမှုမှာ မပြေလည်မှုတွေ ရှိနေကြောင်းလည်း အသံထွက်နေတာ ဖြစ်ပါတယ်။