

လီဗာပူးအသင်းဟာ မိုဆာလာကို စာချုပ်သစ် ပေးနိုင်ရေး ညိနှိုင်းနေပြီး သဘောတူညီမှု ရရှိသွားတော့မယ့် အခြေအနေလို့ ဗြိတိန်သတင်းထောက်တွေ ရေးသားလာနေပါတယ်။
မိုဆာလာက လီဗာပူးအသင်းမှာပဲ ဆက်နေလိုသလို လီဗာပူးဘက်ကလည်း မိုဆာလာကို စာချုပ်သစ်ပေးလိုနေပါတယ်။ လုပ်ခပိုင်းအတွက် ကြီးကြီးမားမား ပွတ်တိုက်မှုမရှိပေမယ့် နှစ်ဖွဲ့ကြား အဓိက ပြဿနာက စာချုပ်သက်တမ်းဖြစ်နေတာပါ။
၂၀၂၅ နွေမှာ စာချုပ်ကုန်မယ့် မိုဆာလာကို လီဗာပူးက ၁ နှစ်ချင်း သက်တမ်းတိုးတဲ့ ပုံစံမျိုး သွားလိုပြီး လက်ရှိ ဘောလုံးလောကမှာ ကလပ်တွေက ၃၀ ကျော် ကစားသမားတွေကို တိုးလေ့ရှိတဲ့ ပုံစံမို့ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။
ဆာလာရဲ့ အေးဂျင့် Rammy Abbas ကတော့ သူ့ကစားသမား အသက် ၃၆ နှစ်ထိ လီဗာပူးမှာ ကစားခွင့်ရစေမယ့် ၃ နှစ်စာချုပ်ကိုပဲ တောင်းဆိုထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်ဖွဲ့ကြား ညိနှိုင်းမှုတွေနဲ့အတူ ၂ နှစ်စာချုပ်မှာ သဘောတူညီမှုရဖို့ နီးစပ်လာနေပါတယ်။ အပြီးသတ် သဘောတူညီခဲ့ကြရင် မိုဆာလာဟာ တစ်ပတ်ကို အခြေခံလုပ်ခ ၄ သိန်း ဝန်းကျင်ဖြင့် ၂၀၂၇ ခုနှစ်ထိ လီဗာပူးမှာ ဆက်ရှိမယ့် စာချုပ်ကို လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အသင်းခေါင်းဆောင် ဗန်ဒိုက်ကိုလည်း စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပေးထားပါပြီ။ အဆိုပါ စာချုပ်ဟာ ဗန်ဒိုက်တို့ လိုချင်တဲ့ စာချုပ်သက်တမ်းထက်တော့ ပိုနည်းတယ်လို့ သိထားရပြီး နှစ်ကာလ အပိုင်းအခြားကို မသိရသေးပါဘူး။
လက်ရှိ လီဗာပူးအသင်းနဲ့ သတင်းကြီး ထွက်မနေတာက ထရန့်ဖြစ်ပြီး မာဆေးဆိုဒ်သားရဲ့ စာချုပ်အတွက် ကလပ်ဘက်က ဆွေးနွေးမှု ရှေ့ဆက်နေဆဲလို့တော့ သိထားရတာ ဖြစ်ပါတယ်။