

မနက်က ဂျီရိုနာပွဲအပြီးမှာတော့ လီဗာပူးအသိုင်းအဝိုင်းဟာ တိုက်စစ်မှူး ဒါဝင် နူးညက်စ်နဲ့ ပတ်သက်လို့ သတိပေးချက်တွေ စတင် လုပ်ဆောင်လာနေကြပါပြီ။
၂၀၂၂ နွေမှာ ဘင်ဖီကာကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် လီဗာပူးကို ရောက်ာလခဲ့တဲ့ ဒါဝင်ဟာ ၃ ရာသီမြောက်ကို ရောက်လာချိန်ထိ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပါဘူး။
နည်းပြဆလော့ရဲ့ ကနဦးကာလမှာ အထောင်တိုက်စစ်နေရာကို ဂျိုတာ တာဝန်ယူခဲ့ပြီး အဆင်ပြေပြေဖြစ်နေခဲ့ကာ ချယ်ဆီးပွဲမှာ ဒဏ်ရာကြောင့် ထွက်ခွာချိန်ကစလို့ ဒါဝင် နူးညက်စ်က တစ်ကျော့ပြန် နေရာရလာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပွဲမှာ ဒါဝင်ထံက ထူးချွန် စွမ်းဆောင်ရည် မြင်ရတဲ့နောက် ဂျိုတာ မရှိတဲ့ ရွှေရောင် အခွင့်အရေးကို ဥရုဂွေးသား အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် ဒါဝင်ထံက ပိုမို ဆိုးရွားတဲ့ ဂိုးသွင်းစွမ်းရည်တွေပဲ ထွက်ပေါ်လာခဲ့ပါတယ်။
နယူးကာဆယ်ပွဲမှာ အခွင့်အရေးကြီးတွေကို ဖြုန်းတီးခဲ့တဲ့ ဒါဝင်ဟာ ဂျီရိုနာပွဲမှာလည်း အလားတူ ဖြုန်းတီးမှုတွေ ပြုလုပ်ခဲ့တယ်။ မကြာခင်မှာ ဂျိုတာ ပြန်လာတော့မှာမို့ တိုက်စစ်မှူး နေရာမှာ ဘယ်သူ ပြန်ပါသင့်သလဲဆိုတာ မေးခွန်းထုတ်ဖို့တောင် မလိုတော့တဲ့ ကိစ္စ ဖြစ်လာနေပါတယ်။
တချိန်တည်းမှာပဲ James Pearce အပါအဝင် လီဗာပူးသတင်းထောက်တွေကတော့ ၂၀၂၅ နွေစျေးကွက်အတွင်း အာနယ် ဆလော့အတွက် လူသစ် အင်အားဖြည့်တဲ့ အချိန်မှာ အထောင်တိုက်စစ်အတွက်လည်း သေချာပေါက် အားဖြည့်သင့်နေပြီလို့ ဖော်ပြလာနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ရထားတဲ့ သွင်းဂိုး စုစုပေါင်း (၂၉ ဂိုး) ရဲ့ ၅၀% နီးပါးဟာ မိုဆာလာ သွင်းယူထားတာပါ။ ဆာလာ သွင်းထားတဲ့ ၁၃ ဂိုးဟာ ဒီယက်ဇ်၊ ဒါဝင်၊ ဂျိုတာ၊ ဂက်ပိုတို့ အားလုံးပေါင်း ၁၁ ဂိုး ထက်လည်း ပိုများပါတယ်။
ဂျိုတာရဲ့ ကြံ့ခိုင်မှု ပြဿနာ၊ ဒါဝင်ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် လီဗာပူးအသင်းဟာ ဆာလာ စွမ်းဆောင်ရည် ကျဆင်းချိန်မှာ သွင်းဂိုးရဖို့ ကြီးကြီးမားမား ရုန်းကန်ရနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေက စတင် ထွက်ပေါ်နေပြီဖြစ်ပါတယ်။