၁၀-၁၁ ယောက်ကွာ ၁ ဂိုးကသာနေတယ် ပွဲပြီးဖို့ မိနစ် ၂၀ ပဲ ကျန်တော့တယ် ဆိုတဲ့ ဖူလ်ဟမ်နည်းပြ

အန်ဖီးကွင်းမှာ ၁ ကြိမ်မှ အနိုင်ရလဒ် မရဖူးတဲ့ နည်းပြဆေးဗားကတော့ ဒီတစ်ကြိမ်တော့ နိုင်ပြီလို့ ထင်ခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

ပွဲအစ ၁၀ မိနစ်မှာ ဦးဆောင်ဂိုး သွင်းခဲ့သလို ၁၇ မိနစ်မှာ ရော်ဘတ်ဆန်ပါ အထုတ်ခံရတဲ့နောက် ဖူလ်ဟမ်တို့ဟာ မျှော်လင့်ချက်ကြီးတွေ ပေါ်ပေါက်လာခဲ့တာပါ။ လီဗာပူးအသင်းက အရှုံးမပေးလိုစိတ်ဖြင့် အပြင်းအထန် အားထုတ်ခဲ့ရာမှာ ဆေးဗားတို့ သရေတစ်မှတ်ဖြင့် အိမ်ပြန်သွားရတာဖြစ်ပါတယ်။

“ လီဗာပူးကို နှစ်ကြိမ်တောင် ဦးဆောင်ဂိုး သွင်းထားခဲ့တယ်။ ကိုယ့်အသင်းက ၁ ယောက်အသာနဲ့ ကစားနေရပြီး ပွဲပြီးဖို့ကလည်း မိနစ် ၂၀ ပဲကျန်တော့တယ်။ ကျနော်တို့ နိုင်တော့မယ်လို့ ခံစားခဲ့ရပါတယ် ” လို့ အဲဗာတန် နည်းပြဟောင်းက ပြောပါတယ်။

ဖူလ်ဟမ်အသင်းဟာ ၁ ယောက်အသာဖြင့် မိနစ် ၇၀ ကျော် ကစားခဲ့ရပေမယ့် လီဗာပူးနဲ့ အန်ဖီးက ပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် ခက်ခဲလွန်းတဲ့ မိနစ်တွေကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။

“ ကျနော်တို့ ဘောလုံးကို ပိုကောင်းကောင်း ထိန်းသိမ်းဖို့ ကြိုးစားတယ်။ ဘောလုံးပိုင်ဆိုင်မှု ပိုရအောင် အားထုတ်တယ်။ ဒုတိယပိုင်းမှာလည်း ပွဲကို ထိန်းညိနိုင်ဖို့ ကြိုးစားပေမယ့် ဒုတိယပိုင်းအစမှာတင် ဂီုးပေးလိုက်ရတာက သက်ရောက်မှု ကြီးခဲ့ပါတယ်။

ကျနော်တို့ ၂-၁ ဖြစ်စေမယ့် ဦးဆောင်ဂိုး ထပ်သွင်းပေမယ့် ခြေပဂိုး ထပ်ပေးရတယ်။ အခွင့်အရေးတွေ ပိုရလာဖို့ အားထုတ်ခဲ့သင့်ပေမယ့်လည်း လီဗာပူးရဲ့ ပါဝါကပဲ ဒီပွဲမှာ သက်ရောက်မှုကြီးတွေ ဖြစ်သွားစေတာပါ ” လို့ ဆေးဗားက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီပွဲ သရေရလဒ်ဟာ ဖူလ်ဟမ်အတွက်တော့ ကောင်းမွန်တဲ့ ရလဒ်ဖြစ်ခဲ့ပြီး လီဗာပူးအတွက်တော့ ဖလားပြိုင်ဆိုင်မှုမှာ ရမှတ်တွေ နစ်နာခဲ့တာပဲဖြစ်ပါတယ်။